ကျနော် နဲ့ ဂျပန်ကျောင်းသားတစ်ယောက်

ကျနော် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် က ဂျပန်ကျောင်းသား တစ်ယောက်နဲ့​စကားပြောခွင့်ရခဲ့ပါတယ်။မြန်မာနိုင်ငံ အပြောင်းအလဲတွေနဲ့ပတ်သတ်ပြီး လာလေ့လာတဲ့သူတစ်ယောက်ပါ။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ရဲ့ စီစဉ်ပေးမှုကြောင့်  ကျနော်တို့မြန်မာကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ခြင်း ဖြစ်ပါတယ်။

မေးခွန်းတွေ မေးလိုက်၊ဖြေလိုက် နဲ့ ဆိုတော့ အရမ်းပျော်စရာကောင်းခဲ့ပါတယ်။(ဒါပေမယ့် ကြားခံ စကားပြန် ဦးလေးကြီးတော့ မပျော်နိုင်လောက်ဘူး ခင်ဗျ။သူ့ခဗျာ ဒီဘက် မြန်မာကျောင်းသားတွေရဲ့ နှိုက်နှိုက်ချွတ်ချွတ် ကပ်သီးကပ်သပ် မေးခွန်းတွေကို ဂျပန်လိုပြန်၊ဂျပန်ကျောင်းသား ပြန်ဖြေပေးတဲ့ အဖြေရှည်ကြီး ကိုလည်း မြန်မာလိုဖြစ်အောင် ပြန်ပြောပြရ ဆိုတော့လေ။)ကျနော်အနေနဲ့တော့ အသိချင်ဆုံး ဖြစ်တဲ့ ယဉ်ကျေးမှု၊ပညာရေး၊အစိုးရအုပ်ချုပ်မှု နဲ့ပတ်သတ်ပြီး မေးခွန်းသုံးခုကိုပဲ အဓိကမေးဖြစ်ခဲ့ပါတယ်။

ဂျပန်ကျောင်းသား အနေနဲ့ (အဲ…သူ့နာမည် ကို မမိတ်ဆက်ပေးရသေးဘူးနော်။ဆူးဒါး တဲ့ခင်ဗျ။နာမည်အရှည်တော့ ကျနော်လည်း မမှတ်မိတော့ဘူး။ဒီတော့ “ဆူးဒါး” လို့ပဲ သုံးမယ်ဗျာ။အဆင်ပြေမယ် မို့လား) ဆူးဒါး အနေနဲ့ ကျနော်တို့ကို ခေါင်းစဉ် (၃) ခုခွဲပြီး ဆွေးနွေးခဲ့ပါတယ်။

၁။ ဂျပန်နိုင်ငံ ပညာရေး အကြောင်း

၂။ ဂျပန်နိုင်ငံ မျိုးဆက်သစ် လူငယ်များ အကြောင်း

၃။ ဒီမိုကရေစီ စနစ် အကြောင်း

ဂျပန်နိုင်ငံရဲ့ ပညာရေးမှာ မူလတန်း ကနေ အလယ်တန်း အထိသည် မသင်မနေရ အခမဲ့ ပညာရေးစနစ် ကျင့်သုံးပါတယ်။ဂျပန်ကျောင်းသားတစ်ယောက်ဟာ မူလတန်း – ၆ နှစ်၊အလယ်တန်း – ၃ နှစ်၊အထက်တန်း – ၃နှစ်၊အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ကိုပဲ တက်တော့မယ်ဆိုရင် ၂ နှစ် တက်ရပါမယ်။ပုံမှန်တက္ကသိုလ်တက်မယ်ဆိုရင်တော့ ၄ နှစ် တက်ရပါမယ်။အထက်တန်း ပညာရေးမှာတော့ အစိုးရကျောင်း (Public) နဲ့ ပုဂ္ဂလိကကျောင်း(Private) နှစ်မျိုးရှိပါတယ်။ပညာရေးသင်စရိတ်က လည်း အရမ်းမြင့်ပါတယ် တဲ့။တက္ကသိုလ်အဆင့်မှာလည်း အစိုးရတက္ကသိုလ် နဲ့ ပုဂ္ဂလိကတက္ကသိုလ်ရှိပါတယ်။အစိုးရကျောင်း တက်ရင် အနည်းငယ် ဈေးသက်သာပေမယ့် ပုဂ္ဂလိကျောင်း တက်မယ်ဆိုရင်တော့ ဈေးအရမ်းကြီးပါတယ်။နောက်ပြီး အစိုးရကျောင်း ပညာအဆင့်အတန်း နဲ့ ပုဂ္ဂလိကကျောင်း ပညာအဆင့်အတန်း ကလဲ တော်တော် ကွာခြားလွန်းပါတယ်။ဥပမာပြုပြောရမယ်ဆိုရင်ဗျာ အစိုးရကျောင်း ရဲ့ အနိမ့်ဆုံးအဆင့် က (သုည) ဖြစ်နေပေမယ့် ပုဂ္ဂလိကကျောင်း ရဲ့အနိမ့်ဆုံးအဆင့်က (၁၀) ပါ။အမြင့်ဆုံးအဆင့်က အစိုးရကျောင်းအနေနဲ့ (၈၅) လောက်ဖြစ်နေပေမယ့် ပုဂ္ဂလိကကျောင်းမှာတော့ (၁၀၀) ဖြစ်နေပါတယ်။

ဆူးဒါး ပြောတုန်းက ပုံဆွဲပြီးနှိုင်းယှဉ်ပြောပြတာဗျ။ကျနော့်အနေနဲ့ အဲဒီလို ပုံဆွဲပြဖို့ အဆင်မပြေလို့ ယေဘုယျ အဆင့်သတ်မှတ်ပုံစံနဲ့ နှိုင်းယှဉ်လိုက်တာပါ။သဘောတရားအနေနဲ့တော့ အတူတူပါပဲ။ဒါပေမယ့် အဲဒီလို အဆင့်အတန်းအရမ်းမြင့်နေတဲ့ ပုဂ္ဂလိကတက္ကသိုလ်ကို တက်ရဖို့အတွက်ကတော့ ကုန်ကျစရိတ်အရမ်းကို များပြားလွန်းပါတယ်။တစ်နှစ်ကို မြန်မာငွေအတိုင်းအတာနဲ့ဆိုရင် သိန်း (၁၀၀) လောက် ကုန်ပါလိမ့်မယ် တဲ့။အစိုးရတက္ကသိုလ် တက်မယ်ဆိုရင်တော့ တစ်နှစ်ကို မြန်မာငွေ သိန်း(၅၀) လောက်ပဲ ကုန်မှာပါ။ဆွေးနွေးပွဲရောက်လာတဲ့သူတိုင်း မျက်လုံးပြူးကုန်ကြတယ်ဗျ။အကိုကြီး တစ်ယောက် က ထမေးတယ်။ဒါဆို ဂျပန်လူမျိုးတစ်ယောက်ရဲ့ ပျမ်းမျှဝင်ငွေ ဘယ်လောက်ရှိသလဲတဲ့။ဆူးဒါးပြန်ဖြေတာကတော့ တစ်နှစ်ကို ၀င်ငွေ ပျမ်းမျှ မြန်မာငွေ သိန်း (၆၀) လောက်ရှိပါတယ်တဲ့။ဂျပန်နိုင်ငံက ဖျော်ရည်ဆိုင်တစ်ခုမှ အချိန်ပိုင်းလုပ်သားလုပ်မယ်ဆိုရင်တောင် တစ်နာရီကို မြန်မာငွေ(၈၀၀၀)လောက်ရပါတယ်တဲ့။ဒါ အနည်းဆုံးဝင်ငွေ ကို ပြောပြတာပါ။ဒီထက် ပိုရတဲ့ အခြား အချိန်ပိုင်းအလုပ်တွေလည်း အများကြီးရှိပါသေးတယ် တဲ့။ဆွေးနွေးပွဲလာတဲ့သူတွေ တစ်ယောက်နဲ့တစ်ယောက် “ဂျပန်ပြည် အလုပ်သွားလုပ်ရအောင်” ဆိုပြီး တီးတိုး တီးတိုး ရယ်မောတိုင်ပင်သံတွေ ထွက်လာတာပေါ့ဗျာ။

ဆူးဒါး ကိုယ်တိုင် ကိုယ်ပိုင်ဝင်ငွေ နဲ့ တက္ကသိုလ် တက်နေတာပါ။ဒီ မြန်မာနိုင်ငံကိုလည်း ကိုယ့်စရိတ် နဲ့ ကိုယ်လာရတာပါ။ဒီအတွက် သူလည်း အချိန်ပိုင်းအလုပ် လုပ်ပါတယ် တဲ့။(အော်……သူများနိုင်ငံက ကျောင်းသားလူငယ်တွေများ အချိန်ပိုင်းအလုပ်လုပ်ရင်း ကမ္ဘာပတ်နေကြတာပါလား လို့တောင် မနာလိုစိတ် ဖြစ်မိလိုက်ပါသေးတယ်)။ဆူးဒါး ကို ကျနော် ပညာရေးနဲ့ပတ်သတ်ပြီး မေးခွန်းတစ်ခု မေးမိပါတယ်။

“Private နဲ့ Public အဆင့်ချင်း အရမ်းကွာနေပြီ။ဒီအတွက် ဂျပန်အစိုးရက Public တက္ကသိုလ်ကျောင်းသားတွေအတွက် ဘယ်လိုအခွင့်အရေး ဖန်တီးပေးသလဲ။”

ဆူးဒါး အဖြေအရတော့ အစိုးရက ဒီအတွက် ဘာမှလုပ်မပေးပါဘူး။ကုမ္မဏီကြီးတွေကလည်း အဆင့်မြင့်တဲ့ Private တက္ကသိုလ်ကျောင်းထွက်တွေကို ဦးစားပေးခေါ်ပါတယ်တဲ့။ဒါပေမယ့် အစိုးရကျောင်းတွေမှာလည်း ဆရာ၊ဆရာမတွေက ဖိဖိစီးစီးသင်ပေးပါတယ်။တတ်နိုင်သလောက်လဲ ကျောင်းပြီးရင် အလုပ်ရဖို့ ချိတ်ဆက်ပေးပါတယ် တဲ့။စကောလားရှစ် တွေလည်း ရှိပါတယ်။ဒါပေမယ့် အရမ်းခက်ပါတယ် တဲ့။

ကျနော် အရမ်းကြောက်သွားမိပါတယ်။ဆင်းရဲ၊ချမ်းသာ ကြောင့် အဆင့်အတန်း ကွာခြားချက် အရမ်းကြီးမားနေလွန်းလို့ပါ။ကျနော်တို့ မြန်မာနိုင်ငံမှာ ဆိုရင်ကော……….။ဒီလိုစနစ်ကြီး ဖြစ်လာခဲ့မယ် ဆိုရင်……….။အခုတောင် ထင်ထင်ရှားရှား ပညာရေးစနစ်မှာ ဒီလိုမျိုး Public နဲ့ Private တက္ကသိုလ်တွေ မရှိသေးပေမယ့် ဆယ်တန်းအောင်ပြီးတဲ့ ကျောင်းသူကျောင်းသား တော်တော်များများဟာ ချမ်းသာလို့ တတ်နိုင်မယ်ဆိုရင် နိုင်ငံရပ်ခြားမှာ ပညာသွားသင်နေကြပါပြီ။ကျနော် တို့ ဘာလုပ်နိုင်မလဲ လို့ တွေးသင့်ပါပြီ။ကျနော်တို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ ပညာရေးစနစ်က အရမ်းကို နိမ့်ကျနေပါတယ်။နိမ့်ကျမှန်း အားလုံး အသိပါ။ဒါပေမယ့် ချက်ချင်းလက်ငင်း ဥုံဖွ မန်း ပြီးပြောင်းလဲလို့မရတဲ့အရာဖြစ်နေတော့ နိမ့်ကျဆဲကာလက လက်ရှိကျောင်းသားကျောင်းသူတွေအနေနဲ့  မကောင်းသူ ထိပ်၊ကောင်းသူ ထိပ် ပညာမတတ်တာကို တန်းတူ ခံစားကြရမှာပါ။ဒီတော့ဗျာ … အစိုးရ ပြောင်းလဲလဲ၊မလဲလဲ ကျောင်းသူကျောင်းသားတွေ အနေနဲ့တော့ ကိုယ်အစီအစဉ်နဲ့ကိုယ် ပြောင်းကိုပြောင်းလဲရပါလိမ့်မယ်။

ကျောင်းသား တွေက အခုမှသင်ယူနေရဆဲ အချိန်၊ဘာအရည်အချင်းရှိလို့ ဘယ်လိုပြောင်းလဲနိုင်မှာလား လို့ ပြောတဲ့သူတွေရှိပါတယ်။(ကျနော့် ပတ်ဝန်းကျင်မှာတောင် ရှိပါတယ်။သူတို့သဘောက ဘာမှလုပ်လို့မရဘူး။ဒီအတိုင်း ထိုင်ကြည့်။အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် နဲ့ပဲ DotA ခုတ်လိုက်၊ရည်းစားထားလိုက် နဲ့ပဲ ကျောင်းပြီး၊ပေးလာတဲ့ဘွဲ့လက်မှတ်ကို လက်ခံ၊အဲဒီဘွဲ့လက်မှတ်ပြပြီး အလုပ်လျှောက်၊အဲ…လုပ်ငန်းခွင်ကြရင်တော့ ကြည့်ကျက်လုပ်၊လုပ်တတ်ဖို့မလိုဘူး…အလိုက်သိတတ်ဖို့ပဲ လိုတယ် ဆိုတဲ့ လူတွေလို့ ကျနော် ထင်ပါတယ်။ဒီလို ပြောလိုက်လို့ အနာပေါ် တုတ်ကျပြီး မကျေမနပ် ဆဲသံတွေကိုဖြစ်လာမယ်ဆိုရင်လည်း ကြိုဆိုပါတယ်။)ကျနော်တို့ကျောင်းသူကျောင်းသားတွေအနေနဲ့ ကျောင်းသင်ခန်းစာတွေကိုတော့ ပြောင်းလဲလို့မရတာ မှန်ပါတယ်။ကျောင်းသင်ခန်းစာတွေအပေါ် ထားနေတဲ့ ကျနော်တို့စိတ်ကိုတော့ ပြောင်းလဲလို့ရပါတယ်။ဥပမာအနေနဲ့ ပြောရရင် Borland Program တွေကို အလွတ်ကျက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ကျနော် တွေ့ဖူးပါတယ်။ဒါ မဖြစ်သင့်ပါဘူး။Program တစ်ပုဒ် ဘယ်လိုဖြစ်လာသလဲ ဆိုတဲ့အရင်းအမြစ် ကိုတော့ သေသေချာချာနားလည်သင့်ပါတယ်။နားမလည်ရင် ဆရာ၊ဆရာမ ဆီကို ချဉ်းကပ်သင့်ပါတယ်။

ကျနော်တို့အနေနဲ့ သိချင်စိတ် တစ်ခုပဲရှိဖို့လိုပါလိမ့်မယ်။စစ်မှန်တဲ့သိချင်စိတ်တစ်ခု ရင်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ရှိနေမယ်ဆိုရင် သေချာပေါက် ပြောင်းလဲနိုင်ပါလိမ့်မယ်။ကျနော်တို့ အနီးအနားမှာ ထုတ်ယူသုံးစွဲလို့မကုန်နိုင်တဲ့ ပညာအရင်းအမြစ်တွေ အများကြီးရှိပါတယ်။လူကြီးသူမတွေ၊ဆရာ၊ဆရာမတွေ၊စာအုပ်စာတမ်းတွေ…အများကြီး အများကြီးပါ။သိချင်စိတ်တစ်ခုနဲ့ အရင်းအမြစ်တွေထဲကနေ ရဲရဲတင်းတင်း ထုတ်ယူရဲဖို့ပဲ လိုပါလိမ့်မယ်။အင်တာနက် မှာလည်း ကမ္ဘာတစ်ဝှမ်းက ကွန်ရက်တွေဆီကနေ ကိုယ်သိချင်တာတွေကနေ ယူလို့ရပါတယ်။အင်တာနက်သုံးနေတာက ဖေ့ဘုတ်ဖွင့်ရုံ၊ဂျီတော့ဖွင့်ရုံလောက်ပဲ မဖြစ်စေချင်ဘူးဗျာ။IELTS Writing ကျက်ဖြေနေရတာ စိတ်ညစ်ပါတယ်ဆိုတဲ့သူငယ်ချင်းတွေအတွက်လည်း ကျောင်းပိတ်ချိန်မှာ အင်္ဂလိပ်စာသင်တန်းကောင်းကောင်းတွေကနေ ပညာသင်ထားနိုင်မယ်ဆိုရင် ကျက်ဖြေစရာမလိုလောက်တော့ဘူး လို့ထင်ပါတယ်။

ဆူးဒါး ပြောပြခဲ့တဲ့ ဂျပန်နိုင်ငံပညာရေးစနစ် အပေါ် ကျနော် ဥာဏ်မှီသလောက် ချဲ့တွေးရေးလိုက်တာပါ။သူပြောပြခဲ့တဲ့ ဂျပန်မျိုးဆက်သစ်လူငယ်များအကြောင်း နောက်ဘလော့တစ်ခုအနေနဲ့ ကျနော် ကြိုးစားပြီး ဆက်ရေးပါမယ် ခင်ဗျာ။ပျော်ရွှင်ကြပါစေ။

Leave a comment