ချစ်သူ သို့ တမ်းချင်း

အမြဲလိုလို တစ်ယောက်တည်းပဲနေလေ့ရှိတဲ့ ငါ့ကို တစ်ချို့ကလာမေးကြတယ်။“ချစ်သူ ရှိလား” တဲ့။

ငါ ခေါင်းရမ်းမိလိုက်သလို နှလုံးသားယောင်ရမ်းမှုကိုလည်း ငါ ခံစားမိလိုက်တယ်။

ငါ့ချစ်သူ က ငါ့အတွေးစိတ်ကူးထဲမှာပဲ ရှင်သန်နေခြင်းအတွက်ပေါ့…….

ငါ မင်း ကို ချစ်တယ် ချစ်သူ

ငါ မင်း ကို ပိုင်ဆိုင်ချင်တယ်

ဒါပေမယ့် အတွေးသက်သက်သာ ဖြစ်ခဲ့ရပါတယ်……

ငါ မင်း နဲ့ စကားတွေပြောဖြစ်ခဲ့တယ် ချစ်သူ

ငါ မင်း နဲ့ လမ်းတွေလျှောက်ဖြစ်ခဲ့တယ်

ဒါပေမယ့် အိပ်မက်သက်သက်သာ ဖြစ်ခဲ့ရပါတယ်…..

ငါ မင်း ကို မျှော်လင့်ခဲ့တယ် ချစ်သူ

ငါ မင်း ကို တမ်းတခဲ့တယ်

ဒါပေမယ့် ဟိုးအဝေးကြီးတစ်နေရာဆီ မှာ မင်းရှိနေခဲ့တာ……

ငါ မင်း ဆီ အပြေးလာချင်ခဲ့တယ် ချစ်သူ

ငါ မင်း ဆီ ဒူးထောက်ခစားချင်ခဲ့တယ်

ဒါပေမယ့် မျဉ်းပြိုင်တို့ရဲ့ ဆုံမှတ်ဆီ မှာ မင်းရှိနေခဲ့တာ…….

ငါ ဘယ်လို လုပ်ရမလဲ ချစ်သူ……..

ငါ ဘာကို ဆက်လုပ်ရမှာလဲ

ငါ မှာ မေးခွန်းတွေအများကြီး နဲ့အသက်ရှင်နေရတယ်

အဖြေတစ်ခု တွေ့လာမယ့်နေ့ အထိပေါ့

တခါတလေ ငါ့မာနတို့က ငါ့ကို တားဆီးနေကြတယ်

တခါတလေ ငါ့သိက္ခာတို့က ငါ့ကို ကန့်ကွက်နေကြတယ်

ငါ့အတွက် ဦးနှောက်ဆီကနေ ကန့်ကွက်မဲတွေပဲရနေတယ်

ငါ့အတွက် ဘ၀အခြေအနေတစ်ခုဆီကနေ တိုင်ကြားလွှာတွေ ရောက်နေတယ်

ဒါပေမယ့် မသိစိတ်ဆီက အမှန်ခြစ် တစ်ခုထဲနဲ့ပဲ

ငါ မင်း ကို မြတ်နိုးဆဲ ပါ ချစ်သူ

ငါ ရူး ခဲ့တယ် ချစ်သူ

ငါ ရူး နေ တယ်

ငါ ရူး လိမ့် ဦး မယ်

မင်း ငါ့ဘေး နားမှာ မရှိသရွေ့ပေါ့……

ငါ နာကျင် ခဲ့တယ် ချစ်သူ

ငါ နာကျင် နေတယ်

ငါ နာကျင် လိမ့်ဦးမယ်

မင်း ငါ့ဘေး နားမှာ မရှိသရွေ့ပေါ့…..

ငါ့အတွက်

ဒဏ်ရာ က ဆေးတစ်ခွက်

နောင်တ က သမားတော်

အချိန် က သူနာပြု

ငါ့ဘ၀က ဆေးရုံကြီး တစ်ခုပေါ့……

ငါဟာ အရေးပေါ်ဌာနမှာ တက်နေရတဲ့

မျှော်လင့်ချက်မဲ့ အချစ်တွေနဲ့ လူတစ်ယောက် ပါ။

ခေတ်နေ

(အတွေးထဲမှာသာ ရှိနေဆဲဖြစ်သော ချစ်သူဆီသို့ တမ်းတ ရေးဖွဲ့မိပါသည်။)

One response to “ချစ်သူ သို့ တမ်းချင်း

  1. အတွေးထဲမှာရှိတယ်ဆိုတာ ရင်ထဲမှာရှိနေလို့ဖြစ်မှာပေါ့နော် ……….

Leave a comment