ညီလေးဖတ်ဖို့…(၃)

ညီလေး ရေ……

 

လက်ရှိဖတ်နေမိတဲ့ စာအုပ် က ဆရာသန်းဝင်းလှိုင် ရေးတဲ့ “ဒေါက်တာဘမော် ၏ နိုင်ငံရေးလုပ်ဆောင်ချက်များ” ဆိုတော့ သမိုင်းနဲ့ပတ်သတ်တဲ့ အတွေးတွေပဲ ခေါင်းထဲမှာ စိုးမိုးနေမိတယ်။ကိုကို တို့မူလတန်းကျောင်းသားဘ၀၊အလယ်တန်းကျောင်းသားဘ၀၊အထက်တန်းကျောင်းသားဘ၀ အားလုံးမှာ သမိုင်း ဘာသာရပ်ကိုသင်ကြရတယ်နော်။မင်း ကို ကိုကို တစ်ခုလောက်မေးချင်တယ်။ဘာကြောင့် သမိုင်း သင်ယူကြရတာလို့ထင်သလဲ။

 

ဒီမေးခွန်းအတွက် အဖြေက ကိုကိုတို့အားလုံး သိပြီးသား ဒေါက်တာသန်းထွန်းရဲ့ နာမည်ကျော်စကားတစ်ခွန်းဖြစ်တဲ့“သမိုင်းသင်ရခြင်းသည် မအ အောင်လို့” ဆိုတာပဲပေါ့။ဒီစကားစုလေးက ရိုးရှင်းပေမယ့် အရမ်းကို လေးနက်လွန်းလှပါတယ်။“မအ အောင်လို့” လို့ပြောထားတော့ ဘယ်နေရာတွေမှာ မ အ ရမှာလဲ။အ ရင်ဘာဖြစ်မှာလဲ။ဒါဆိုမအ အောင် ဘယ်လိုလေ့လာရမှာလဲ။ ဘယ်လိုအသုံးချရမလဲ။ီသမိုင်းဆိုတာ ကကော ကိုကိုတို့ကို ဘယ်လိုအကျိုးပြုနိုင်မလဲ။

ညီလေး ကို စကားမစပ် တစ်ခုလောက် ကြားဖြတ်ပြောပါရစေ။ဘယ်နေရာမှာမဆို ဘာပဲလုပ်လုပ် “ဘယ်က စလုပ်မလဲ၊ဘယ်လိုလုပ်မလဲ၊ဘယ်လိုအဆုံးသတ်မလဲ၊ဘယ်လိုအကျိုးကျေးဇူးရနိုင်မှာလဲ။မျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင်ကော ဘယ်လိုဆက်လုပ်မလဲ….” ဒီမေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်အရင်ဆုံးပြန်မေးပါဦး။ကိုယ်ကိုကိုယ် ဖြေတတ်အောင်ကြိုးစားပါဦး။ပြီးမှ ဆက်လုပ်ရမယ့်လုပ်ငန်းတွေကိုအကောင်အထည်ဖော်ပါ။သတင်းထောက်ဂျာနယ်လစ်တွေရဲ့စကားတစ်ခုရှိတယ်။“ကိုယ်ကိုတိုင် အဖြေမရှိသေးပဲနဲ့ မမေးပါနဲ့” တဲ့။ကိစ္စတစ်ခုမှာ အဖြေဆိုတဲ့ရလဒ်တစ်ခုကို မမျှော်လင့်နိုင်ဘဲနဲ့ ဘယ်လိုခွန်အားတွေနဲ့ ရုန်းကန်ရမှာလဲ။

 

မအ ရမယ့်နေရာတွေ အများကြီးရှိပါတယ်။ခြုံပြောရင် အသိပညာဗဟုသုတ မှာ မအရဘူးပေါ့ကွာ။ဒါပေမယ့် ဓာတုဗေဒပညာရှင်တစ်ယောက်က ပထ၀ီ ကို နားလည်ချင်မှလည်လိမ့်မယ်၊ညံ့ချင် ညံ့နေမှာပေါ့။သူရဲ့နယ်ပယ် က ဓာတုဗေဒလေ။ဒီတော့ မ အအောင်ကြိုးစားရမယ့် အပိုင်းတွေက ကိုယ့်အခြေအနေပေါ်မူတည်ပြီးတော့ ဆုံးဖြတ်ရမယ့်အရာပါ။ဘယ်နေရာမှာမဆို ဗဟုသုတကြွယ်ဝနေရင်တော့ကောင်းတာပေါ့ကွာ။ဒါပေမယ့် ဟိုစပ်စပ်၊ဒီစပ်စပ် ဗဟုသုတကြွယ်နေရင်တော့ ဟိုနေရာလည်း သုံးမရ၊ဒီနေရာလည်း သုံးမရ … ဒီလူရဲ့အနာဂါတ်က ရေရာပါ့မလား။ဒါပေမယ့် ကျွမ်းကျင်ပိုင်နိုင်ဖို့ မရှိမဖြစ်မသိမဖြစ်လိုအပ်တဲ့ အခြေခံဗဟုသုတအနေနဲ့တော့ မ အ အောင် သင်ယူဖို့လိုပါလိမ့်မယ်။ဒီအတွက် နိုင်ငံသားတိုင်းတစ်ယောက်မကျန် မ အ သင့်တဲ့နေရာကတော့ မျိုးချစ်စိတ်ဓာတ်ပါ။ကြားဖူးနေကြစကားလုံး ဖြစ်ပေမယ့် လက်တွေ့အကောင်အထည်မပြနိုင်ကြပါဘူး။ကိုကိုတို့မှာသာ အမျိုးချစ်တဲ့ စိတ်ဓါတ် ရှိခဲ့မယ်ဆိုရင် ကိုကိုတို့နိုင်ငံထဲမှာ ဘယ်တိုင်းတပါးသားမှ လာပြီးခြယ်လှယ်စရာမလိုဘူး။ဒီလိုအမျိုး ကို ချစ်တတ်ဖို့အတွက်ကလည်း ကိုယ့်အမျိုး ဘယ်သူဆိုတာ သိအုန်းမှလေ။ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ…သေသေချာချာသိထားတဲ့အရာတစ်ခုကိုပဲတန်ဖိုးထားမှာပါ။ နိုင်ငံတစ်ခုကို တန်ဖိုးထားချစ်မြတ်နိုးဖို့ဆိုရင် ဒီနိုင်ငံအကြောင်း စေ့စေ့စုံစုံသိထားဖို့လိုပါလိမ့်မယ်။ဒီလိုသိဖို့အတွက် သမိုင်း ဆိုတဲ့ဘာသာရပ်တစ်ခုက မင်းကို အထောက်အကူပြုမှာပါ။ဒါကြောင့် မင်းရဲ့ မျိုးချစ်စိတ်ဓါတ် မ အ အောင်လို့ သမိုင်းဖတ်ပါ။သင်ပါ။လေ့လာပါ။စူးစမ်းပါ လို့ ကိုကိုတိုက်တွန်းပါရစေ။

 

နောက်တစ်ခုအနေနဲ့ အမျိုးသားယဉ်ကျေးမှု မှာလည်း ကိုကိုတို့ အ လို့မရဘူး ညီလေး။ကိုကိုတို့ မြန်မာနိုင်ငံဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ပုဂံခေတ်ကတည်းက အလွန်တရာမှ ယဉ်ကျေးသိမ်မွေ့လှတဲ့ ထေရ၀ါဒဗုဒသာသနာထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံ ပါ။ကိုကိုတို့မှာ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိတယ်။ကိုယ်ပိုင်စာပေ ရှိတယ်။ကိုယ်ပိုင်အနုပညာရှိတယ်။ဒီစာပေ၊ယဉ်ကျေးမှု၊အနုပညာ တွေကို ကိုကိုတို့မှ မထိန်းသိမ်းနိုင်ရင် နောက်ဖြစ်လာမည့်သမိုင်း ရိုင်းဖို့မပြောနဲ့ ရှိဖို့တောင်မသေချာတော့ပါဘူး။ကိုကိုတို့ရဲ့ဘိုးဘွားတွေက အဖိုးတန်အမွေအနှစ်တွေကို သမိုင်းနဲ့ချီပြီးတော့ ထိန်းသိမ်းလက်ဆင့်ကမ်းခဲ့တယ်။ကိုကိုတို့ခေတ်အချိန်ရောက်မှ နောက်မျိုးဆက် ကို မြန်မာ့အမွေအနှစ်တွေ လက်ကမ်းမပေးနိုင်ရင် ကိုကိုတို့​ အ လို့ပေါ့။ကိုကိုတို့ ညံ့လို့ပေါ့။

 

အချိန်ကာလအရ နည်းပညာခေတ်ဖြစ်နေတော့ ရှေးတုန်းက ပရပိုက်၊ပေစာတွေနဲ့ ရေးခဲ့ရပေမယ့် အခုချိန်မှာ လက်တော့၊ကွန်ပျူတာတွေ နဲ့ ရေးနေရပြီ။လှည်းယာဉ်နဲ့ အချိန်ကြာသွားရတဲ့ခရီးကို မော်တော်ယာဉ်၊လေယာဉ်တွေနဲ့ ခဏလေးရောက်နိုင်တော့မယ်။ဒီလို တိုးတက်ပြောင်းလဲနေမှုတွေနဲ့အညီ လိုက်ရောညီထွေဖြစ်နိုင်ဖို့ ကြိုးစားရပါမယ်။ဒါပေမယ့် တစ်ချို့က ယဉ်ကျေးမှုကို တိုးတက်မှု နဲ့ရောထွေးပစ်လိုက်ကြတယ် ညီလေးရ။ကိုကို့အနေနဲ့ ဟိုးခေတ်တုန်းကလို တောင်ရှည် သျှောင်တစောင်း ထိုင်မသိမ်း ၀တ်နေရမယ်လို့ မဆိုလိုပေမယ့် တိုးတက်နေတဲ့ခေတ်အရဆိုပြီး ယဉ်ကျေးမှုကို ဘီကနီစွပ်ပေးတာမျိုးတော့ ကိုကို လက်မခံနိုင်ဘူး။နိုင်ငံတကာနဲ့ နှိုင်းယှဉ်နေရတဲ့အခြေအနေ ကို နားလည်ပေးနိုင်ပေမယ့် မြန်မာ့ရိုးရာသင်္ကြန်မှာတွေတောင် ကြည့်မကောင်းလောက်တဲ့ဝတ်စားဆင်ယင်မှုမျိုးတွေ မြင်တွေ့နေရပါပြီ။ဒါတွေက ဖြစ်နေရခြင်းက မြန်မာနိုင်ငံတွင်းမှာနေပြီး မြန်မာ့ယဉ်ကျေးမှု ဘာမှန်းမသိနိုင်လောက်အောင် အ နေကြလို့ပါ။နိုင်ငံခြားအငွေ့အသက်တွေ ဖုံးလွှမ်းနေပြီဖြစ်တဲ့အတွက် အားလုံး ကိုတော့ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားပေးဖို့ တိုက်တွန်းလို့ရမှာမဟုတ်တော့ပါဘူး။ဒါပေမယ့် ကိုကိုတို့မင်းတို့ရဲ့ပတ်ဝန်းကျင်လေးမှာတော့ အမျိုးသားယဉ်ကျေးမှု ကိုတန်ဖိုးထားစေချင်တဲ့စိတ်လေး အနည်းအများဝင်သွားဖို့တော့ ကြိုးစားကြည့်ကြရမှာပေါ့။

 

သမိုင်းနဲ့ပတ်သတ်ပြီး ညီလေး ကိုအများကြီးပြောပြချင်မိပေမယ့် မနိုင်ဝန်ထမ်းသလိုမျိုးဖြစ်မှာကိုတော့ စိုးရိမ်နေမိတယ်။သမိုင်း ဆိုတာ ကျယ့်ပြန့်၊ရှုပ်ထွေးသလောက် သိမ်မွေ့လွန်းတဲ့အရာတစ်ခုဖြစ်နေလို့ပေါ့။အတိတ်အချိန်ကာလတစ်ခုရဲ့အမှားကိုနောင်တအနေနဲ့ သင်ခန်းစာယူနိုင်မှ အနာကိုကို သိသလောက်၊ကိုကို လေ့လာထားသလောက်အနေနဲ့ပဲသမိုင်းကို ဘယ်လိုအသုံးချသင့်တယ်။သမိုင်းက ဘယ်လိုအကျိုးပြုတယ် ဆိုတာတွေကို  မင်းကို မျှဝေပေးနိုင်မှာ။ကိုကိုပြောတာတွေထက် ပိုထိရောက်တာကတော့ ကိုယ်တိုင်သမိုင်းစာအုပ်တွေဖတ်ပေးနိုင်မယ်ဆိုရင်ပေါ့။ညီလေး အနေနဲ့ ကိုကို ပြောသလောက်ပဲလိုက်တွေးစရာမလိုပါဘူး။ညီလေးရဲ့ပင်ကိုအရည်အချင်းနဲ့ပဲ တွေးကြည့်ပါ။ဒေါက်တာသန်းထွန်းတို့၊ဒေါက်တာမတင်ဝင်းတို့၊ဆရာမောင်သွေးချွန် တို့ရေးတဲ့သမိုင်းဆိုင်ရာဆောင်းပါးတွေ များများဖတ်ကြည့်။လောလောဆယ် အဲဒီလိုမဖတ်နိုင်သေးဘူးဆိုရင်တောင် သင်ခဲ့ရတဲ့သမိုင်းစာအုပ်တွေကို ၀တ္ထုဖတ်သလိုမျိုး ပြန်ဖတ်။မင်းအတွက် တစ်ခုခုထူးလာလိမ့်မယ်လို့​ ကိုကို အာမခံတယ်။ညီလေးရဲ့အမြင်တွေကိုလည်း ကိုကို့ကို ပြန်ပြောပြလေ။

 

ညီလေး အနေနဲ့ သမိုင်းရဲ့တန်ဖိုး ကို နားလည်နိုင်ပါစေ….

 

မင်းရဲ့ ကိုပိုင်

ခေတ္တ- ရန်ကုန်မြို့။

Advertisements

စာဖတ်ပေမယ့်…..

ကိုမင်းကံစီရေ….ရုတ်တရပ်ပေါ်လာတဲ့ အတွေးကို ပျောက်မသွားခင် ကောက်ရေးထားလိုက်မိတယ်။စာရေးတယ် ဆိုတာလည်း လွယ်မလိုနဲ့အခက်သားဗျ။မြန်မာလူမျိုးတစ်ယောက် မြန်မာစာရေးတတ်၊ဖတ်တတ်ပါလိမ့်မယ်။အဲဒီလိုသာမာန်ချရေးတတ်တာမျိုးက မသိစိတ်ရဲ့ထိန်းချုပ်မှုအောက်မှာဖြစ်လိမ့်မယ်ဗျ။စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်ကို လက်က သရုပ်ဖော်ပေးတဲ့သဘောပဲ။ဦးနှောက်ကို အားစိတ်သုံးရတာမျိုးမရှိဘူး။ကလေးဘ၀တည်းက သင်ခဲ့ရတဲ့ သင်ခန်းစာအခြေခံ ဆိုတာအတွက်တော့ ဦးနှောက် နည်းနည်းလိုတာပေါ့နော်။ဒါပေမယ့်​ သာမာန်စာ၊တစ်ပုဒ်၊တစ်ပိုဒ် ကိုချရေးတဲ့အချိန်မှာ မသိစိတ်ကပဲ ဦးနှောက်ထဲမှာရှိပြီးသား အခြေခံသင်ခန်းစာတွေနဲ့ညှိ၊ဒါ ဘယ်လိုရေး၊ပုဒ်မ ဒီနားချ၊ပုဒ်ထီး ဟိုနားချ အဲဒီလိုမျိုး ဆုံးဖြတ်ချက်ချသွားတယ်လို့ထင်တယ်။ဦးနှောက် ကို အပြည့်အ၀သုံးရတဲ့စာမျိုးဆိုတာကိုတော့ ပညာရှင် အဆင့် စာတမ်း၊ဆောင်းပါး တွေမျိုး။ဥပမာ ဗျာ..သမိုင်းတစ်ခု၊ပထ၀ီတစ်ခု ကို စာရေးနေပြီဆိုရင် ကိုယ် ခံစားချက်ကြီးပဲချရေးလို့မရတော့ဘူး။အချက်အလက်၊အကြောင်းအရာ တွေအတွက် အချိန်ပေးရတော့မယ်။ဒီအတွက် ဦးနှောက်လိုတယ်။ကျွန်တော်ဆိုဗျာ စာတစ်ပုဒ်မပြီးသေးပဲနဲ့ ရပ်ထားခဲ့ရင် နောက်တစ်ချိန်ချိန်မှာ ပြန်ရေးဖို့ပြင်ကြည့်၊လုံးဝမရတော့ဘူး။ဘယ်လိုမှ ဆက်ရေးလို့မရတော့ဘူး။အဲသလိုနဲ့ ၇ပ်ထားခဲ့ရတဲ့စာတွေလည်း မနည်းတော့ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော့် ဦးနှောက်က ပညာရှင်အဆင့် ထိလက်မခံနိုင်သေးဘူးလေ။ဒီအတွေး ကို ခဏရပ်ပြီး ဟိုအတွေးဘက်ပြောင်းကြည့်လိုက်တဲ့ ပုံစံမျိုး လိုက်မလုပ်နိုင်သေးဘူး။ကျွန်တော့် အထင်တွေ ပြောနေတာနော်။မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ကျွန်တော့်ရဲ့ ပုံစံကို ကျွန်တော် ပြန်ကြည့်ပြီး ပြောနေတာပါ။

 

ကိုမင်းကံစီ နဲ့ ကျွန်တော် တစ်ခါက ဆွေးနွေးဖူးတယ်နော်။ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအနေအထား ပေါ်မူတည်ပြီး ပြောကြရင်း ကိုမင်းကံစီ သုံးသပ်ပြတာတွေကို နားထောင်ရင်း ကျွန်တော် ပြောလိုက်မိတယ်။“အများကြီးမတော်ရင် နေပါစေဗျာ။ခင်ဗျား အခုသုံးသပ်နိုင်သလို အဆင့်မျိုးရရင် ကျေနပ်ပါပြီ” လို့။ခင်ဗျားက ပြန်ပြောတယ်။“ဟေ့…မောင်ပိုင် ရ။မင်းအသက် အခု (၁၇) ၊ ငါ့အသက် အခု (၂၁) မင်းထက်ငါ အနည်းဆုံး ငါးနှစ်လောက် အရင်စောပြီး စာအုပ်တွေနဲ့ထိတွေ့ခဲ့ရတာ။(မှတ်ချက်။  အသက် များကို တရားသေမမှတ်စေလို။အဘယ်ကြောင့်ဆိုသော် ကိုမင်းကံစီ ကိုမေးတိုင်း သူ့အသက် ၁၈ နှစ်ထပ် ပိုဖြေသည်ကို တစ်ခါမှမကြားဘူး 🙂 )မင်းအနေနဲ့ ငါ့ဆီမှာ အခုရှိနေတဲ့ အမြင်မျိုး မရလို့​စိတ်မပျက်ပါနဲ့။မင်းအနေနဲ့ အခုချိန်မှာ ငါ့ကိုလိုက်မှီချင်တယ်ဆိုရင် ၅ နှစ်စာ ငါဖတ်ခဲ့တဲ့စာတွေ ကို မှီအောင်လိုက်ဖတ်နိုင်မှရမယ်။အဲဒီအချိန်မှာ ငါလည်းပဲ စာဖတ်ရပ်ချင်မှရပ်မှာလေ။အဲဒါဆိုတော့ ငါ တစ်နေ့ ၁ အုပ်ဖတ်ရင် မင်းက ၅ အုပ်လောက် လိုက်ဖတ်နိုင်နေရမယ်။”

 

ခင်ဗျား ဆိုလိုချင်တဲ့သဘောက ဖတ်ခဲ့တဲ့စာအုပ်ပမာဏ၊အဲဒီစာအုပ်တွေက ရတဲ့အတွေးအခေါ်၊အတွေ့အကြုံတွေပေါ်မူတည်ပြီး ဝေဖန်သုံးသပ်နိုင်စွမ်း၊အကဲခတ်နိုင်စွမ်း၊ဥာဏ်ရည်အဆင့်အတန်း ကွာသွားတယ် ဆိုတဲ့သဘော။ဒါပေမယ့် အဲဒီအယူအဆ ကို ကျွန်တော် လက်မခံနိုင်တော့ဘူးဗျ။စာအုပ် တွေပေါ်မှာချည်းပဲ ကျွန်တော်တို့သုံးသပ်လို့မရဘူးလို့ ယူဆလို့ပါ။ကျွန်တော်တို့ရဲ့ဥာဏ်ရည်၊၀ါသနာ၊စိတ်ဝင်စားရာ၊ကျင်လည်ရာပတ်ဝန်းကျင်အခြေအနေ ဒါတွေကိုလည်း ထည့်တွက်ရမယ်လေ။ဥာဏ်ရည် ကထားလိုက်ပါ။အရေးမကြီးလို့ ယူဆတယ်။ကျင်လည်ရာ ပတ်ဝန်းကျင်အခြေအနေ နဲ့ဘယ်လိုသက်ဆိုင်လည်း အရင်ပြောမယ်။ဥပမာဗျာ-ခင်ဗျား ကျွန်တော့်ထပ်အရင် ကွန်ပျူတာပိုင်း ကို စိတ်ဝင်စားခဲ့တယ်၊ထိတွေ့ခဲ့တယ်။ဒါပေမယ့်​ကျွန်တော် ကျင်လည်ရတဲ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက နည်းပညာနယ်ပယ်ဆိုရင် ကာလအနည်းငယ်အတွင်း မှာ ခင်ဗျားမသိတာတွေကို ကျွန်တော် ပြန်ရှင်းပြနိုင်တဲ့အဆင့်ရောက်နိုင်တယ်။နောက်ပြီး ၀ါသနာ၊စိတ်ဝင်စားရာ။ဒီအချက်တွေက ပိုပြီးအရေးကြီးတယ်ထင်တယ်ဗျ။ကျွန်တော်က ကွန်ပျူတာပိုင်းကို စိတ်မ၀င်စားဘူးဆိုရင် အင်မတန်တော်တဲ့ နည်းပညာနယ်ပယ်က လူတွေနားမှာနေရရင်တောင် ခင်ဗျား လောက်တတ်မှာမဟုတ်ဘူး။တကယ်လို့သာ ကျွန်တော်က စက်ပစ္စည်းပိုင်းတွေ ကိုစိတ်ဝင်စားတယ်။အဲဒီအကြောင်းအရာတွေပတ်သတ်တဲ့ စာအုပ်တွေလိုက်ဖတ်တယ်။(အဲဒီ စာအုပ်တွေက ခင်ဗျားဖတ်ဖူးပြီးသား တွေပဲဆိုပါတော့)ဒါပေမယ့် ခင်ဗျား ဒီစာအုပ်တွေကိုဖတ်ပြီး ရတဲ့အတွေးအမြင်နဲ့ ကျွန်တော် ဖတ်ပြီး ရတဲ့အတွေးအမြင် တူမယ်ထင်လား။ကျွန်တော်ကတော့​မတူဘူးလို့ထင်တယ်။ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ ဒီစာအုပ်တွေကို ဗဟုသုတအနေနဲ့ပဲဖတ်တယ်။ကျွန်တော် အတွက်ကျတော့ အသိပညာအနေနဲ့ဖတ်တယ်။အဲဒါဆိုတော့ ခင်ဗျား စာအုပ် ၂ အုပ်ဖတ်မှ “အော် ဒါက ဒီလိုပါလား” ဆိုတဲ့နားလည်နိုင်စွမ်း၊အတွေးအခေါ်ကို ကျွန်တော့်အနေနဲ့ စာအုပ် ၁ အုပ်ထဲဖတ်ရင်း ရရင် ရသွားနိုင်တယ်လေ။

 

ကဲ…ဒီလောက်ပဲဗျာ။ကျွန်တော် စာရေးမှု ညံ့ဖျင်းလို့ ပြိုင်ဆိုင်တဲ့ပုံစံ ကို ရေးသလိုမျိုး ဖြစ်နေမလား။ကျွန်တော် အနေနဲ့ အတွေးအခေါ်တစ်ခုကို တင်ပြချင်တဲ့သဘောနဲ့ရေးထားတာပါ။ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ပေါ်မူတည်ပြီး အတွေးအခေါ်တွေ၊ဗဟုသုတရှိနေခြင်းက ကွာခြားနိုင်ပါတယ်။ဒါပေမယ့် ၀ါသနာ၊စိတ်ဝင်စားရာ၊ကျင်လည်ရာပတ်ဝန်းကျင်အခြေအနေပေါ် မူတည်ပြီးတော့လည်း ကွာခြားသွားနိုင်တယ် ဆိုတဲ့အကြောင်း ပြောချင်တာပါ။ကျေးဇူးတင်ပါတယ်။

P.S. ကိုမင်းကံစီ…ခင်ဗျား ကော၊ကျုပ်ကော စိတ်ဝင်စားတဲ့ နိုင်ငံရေးမှာဆိုရင်ကော….။အဲလို စိတ်ဝင်စားမှု တူညီနေတဲ့အကြောင်းအရာမှာတော့ စာဖတ်သက် ဆိုတာက အရေးကြီးသွားမယ်ထင်တယ်။ခင်ဗျား အမြင်ကော ပြောပြစမ်းပါဦး။

ချစ်သား ကောင်း အတွက်

မှန်သော သစ္စာ ကြိမ်များစွာနှင့်

ဗုဒ ရှေ့မှာ ဦးခိုက်ခါဖြင့်

ရင်ဝယ်ခိုအောင်း ပဋိသနေ လောင်းတွက်

အမေ့ မှာလှိုက်မော သောကဇောနှင့်

ရင်နှင့်အမျှ ဆုတောင်းရသည်

ဒါကို အမေ့သား သိစေချင်ပါသည်။

ရင်မှမွေးဖွား ချစ်သွေးသားတွက်

အမေ့  မှာနင့်မော မေတ္တာဇောဖြင့်

မြေဇာပင်ဖြစ် သားလှချစ်ကို

ကြည်လင် မျက်နှာ စုံအင်္ဂါနှင့်

တွေ့မှ သောကပြေပျောက်ရသည်

ဒါကို ချစ်သား သိစေချင်ပါသည်။

နှစ်…..လ…..တွေကြာ

အမေ့သည်းညှာလည်း

“ကောင်း” စွာ အရွယ်ရောက်ခဲ့ပြီ။

နှောင်းက ဝေဒနာ ပျောက်ခဲ့ပြီ။

မူလ၊အလယ်၊ဆယ်တန်း အရွယ်ထိ

သိ တတ် ပညာ ဖွေရှာရတွင်

“သန့်” ရှင်းကြည်မြ သားဘ၀မှာ

အမေ့ သစ္စာအောက် ဥာဏ်ရောက်တောက်ပြီ။

ဒါကို ချစ်သား သိစေချင်ပါသည်။

ကြွယ်ဝပြည့်စုံ ပညာဂုဏ်တို့

ရှေ့ဆက်တက်လှမ်း သယ်ပိုးထမ်းလည်း

ပေါ် “လွင်” တောက်ပ စန္ဒာလသို့

လင်းစေရမည် မေတ္တာရည်လျှက်

ထွေးပွေ့ဖက်ထား အမေ့အားသည်

လွှမ်းခြုံရံထား သစ္စာအားသည်

အမေ့သားကောင်းတွက် ဖြစ်စေသော်…..

 

ချစ်တဲ့

မေမေ (၅.၇..၂၀၁၂)

 

 

ညီလေး ကောင်းသန့်လွင် အတွက် မေမေ ရေးပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ညီလေးက ဒီနှစ်ဆယ်တန်းဖြေရမှာဆိုတော့ သူ့အခြေအနေ၊သတ်မှတ်ချက်တွေအရ ကျွန်တော့်ထက်ပိုပြီး ဖိအားတွေခံစားနေရချိန်မှာ မေမေကနေ သူ့သားငယ်အတွက် အားပေးစကား ပြောချင်တဲ့ မေတ္တာစကားလုံးတွေကို စာစီကုံးထားတာပါ။

မေမေ ရဲ့ မေတ္တာတွေက ကျွန်တော်တို့ ညီအကိုနှစ်ယောက်အပေါ်မှာ အချိန်ပြည့်အမြဲတမ်းလွှမ်းခြုံထားသလိုပါပဲ။ငယ်ငယ်ကတည်းက မေမေကပဲ အမေ့နေရာ၊အဖေ့နေရာကနေ ကျွန်တော်တို့အပေါ် ချစ်ခဲ့တယ်။နောက်ပြီး မေမေ နဲ့ ကျွန်တော်တို့ကြား ဆက်ဆံရေးက ပွင့်လင်းတယ်။နွေးထွေးတယ်။

ကျွန်တော်တို့ညီအကိုတွေ ဘယ်နေရာပဲရောက်ရောက်၊ကျောင်းသားတွေဖြစ်နေတုန်းဆိုတော့ ဘယ်လိုစာမေးပွဲပဲဖြေဖြေ မေမေရဲ့ မေတ္တာပို့သံ၊အားပေးသံ ကိုကြားရမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာတဲ့အထိ မေမေရဲ့စွမ်းအားက ကျွန်တော်တို့ကို စိုးမိုးနိုင်စွမ်းရှိပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး၏အမြင် ကို တင်ပြခြင်း။

ယနေ့ (၃၁.၁၀.၂၀၁၂) နေ့မှာ ကျွန်တော် နဲ့ ကိုခွန်နိုင်ပြည့်ထွန်းတို့ ဗ.က.သ ဗဟိုလုပ်ငန်းအမှုဆောင်များ နဲ့ တွေ့ဆုံစကားပြောဖြစ်ပါတယ်။ကျွန်တော်တို့ နှစ်ယောက်တည်းနဲ့ စကားပြောခဲ့ပေမယ့် ကျွန်တော်တို့ကိုယ်စားပြုခဲ့တာဟာ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) တက္ကသိုလ်ကျောင်းသားသမဂ္ဂ အနေနဲ့ ဖြစ်ခဲ့တဲ့အတွက် သမဂ္ဂအဖွဲ့ဝင်များအားလုံးကို စကားဝိုင်းမှာ ပြောဆိုဆွေးနွေးခဲ့သမျှ ပြန်တင်ပြပါရစေ။

ကျွန်တော် ဒီလိုရေးသားတာက ဥက္ကဌ ကိုခွန်နိုင်ပြည့်ထွန်းနဲ့တိုင်ပင်ခြင်း မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ်ရေးတာပါ။ကျွန်တော့်အနေနဲ့ အခုလို ကျောင်းပိတ်ရက်ကာလအတွင်းမှာ နေရာဒေသမတူညီပဲနေ နေရတဲ့အချိန်တွင်းမှာလည်း သမဂ္ဂအဖွဲ့ဝင်တွေ စုစုစည်းစည်းရှိနေတဲ့သဘောဖြစ်စေချင်ပါတယ်။နောက်ပြီး ကျွန်တော်တို့နှစ်ယောက်ထဲနဲ့ သမဂ္ဂကို ကိုယ်စားပြုခွင့်လည်း မရှိပါဘူး။ကိုယ်စားပြုဖို့လည်း အားလုံးရဲ့ဆန္ဒသဘောပါဖို့ဆိုတာလည်း အဆင်မပြေတဲ့အခြေအနေဖြစ်နေပါတယ်။နောက်ပြီး ကျွန်တော်တို့တွေ့ဆုံခဲ့တာက အလွတ်သဘောဖြစ်ပေမယ့် ဗ.က.သ ရဲ့ဗဟိုအဖွဲ့ဝင်တွေနဲ့ စကားပြောခဲ့ရတာပါ။သူတို့ရဲ့လုပ်ငန်းကိစ္စဆောင်ရွက်မှုတွေကို ကျွန်တော်တို့နှစ်ယောက်ထဲပဲသိနေလို့မဖြစ်ပါဘူး။အားလုံး သိနေရပါမယ်။ကျောင်းပြန်မဖွင့်မှီ အချိန်ကာလကြား အရေးကိစ္စတစ်ခုခု ကြုံလာခဲ့ရင်……. ဆိုတဲ့စိုးရိမ်မှုနဲ့ ကျွန်တော် ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျ။ Continue reading

ရင်တွင်းမိုင်းဗုံးတစ်လုံး….

ချစ်တတ်တဲ့ ငါ့စိတ်ကို ငါ မုန်းတယ်

လွမ်းတတ်တဲ့ ငါ့စိတ်ကို ငါ မုန်းတယ်

ပျော့ညံ့တဲ့ ငါ့စိတ်ကို ငါမုန်းတယ်

ဒေါသထွက်လွယ်တဲ့ ငါ့စိတ်ကို ငါမုန်းတယ်

ခံစားလွယ်တဲ့ ငါ့စိတ် ကို ငါမုန်းတယ်

တစ်ခါတစ်လေကျရင် အသက်ရှင်နေရခြင်း ကိုလည်း ငါ မုန်းချင်တယ်

တစ်ခါတစ်လေကျရင် ပေးဆပ်နေရခြင်းတွေကိုလည်း ငါမုန်းချင်တယ်

တစ်ယောက်တည်း အထီးကျန် လျှောက်ခဲ့ရတဲ့လမ်းမပေါ်က ပြုံးပြနှုတ်ဆက်တဲ့သူတွေကိုလည်း ငါ မုန်းချင်တယ်ကွာ… Continue reading

ညီလေးဖတ်ဖို့….(၂)

ညီလေးရေ……သူများ ကိုဖြည့်ပေးဖို့ ကိုယ်တိုင်ပြည့်နေမှ ရလိမ့်မယ်လို့ ကိုကို ပြောခဲ့တယ်နော်။ဘယ်လိုပြည့်အောင် ဖြည့်ကြမလဲ ဆိုတဲ့ နည်းလမ်းအတွက် ညီလေး ကို တွေးကြည့်ဖို့ အစပျိုးပေးချင်တယ်။ပြည့်အောင်ဖြည့်ဖို့ အလွယ်ဆုံးနည်းလမ်းက စာဖတ်ပါ။ဒါပေမယ့် စာ ဘယ်လိုဖတ်ရမလဲ​ ဆိုတာကတော့ အခက်ဆုံးနည်းလမ်းတစ်ခုလို့ ကိုကို ထင်မိတယ်။ကိုကိုတို့ ပတ်ဝန်းကျင်မှာ စာအုပ်စာတမ်း တွေအများကြီးရှိတယ်။ဒီစာအုပ်တွေ အများကြီးထဲကနေပြီးတော့ ညီလေး စိတ်ဝင်စားမယ့်အကြောင်းအရာတစ်ခုကို ရွေးထုတ်လိုက်ပါ။ညီလေး က ငယ်ငယ်ကလေးတည်းက စာသိပ်မဖတ်တော့ ကိုကိုအနေနဲ့ မင်းကို စာဖတ်ဝါသနာပါတဲ့သူတစ်ယောက်ဖြစ်အောင် လုပ်ပေးချင်တဲ့စိတ်က တိုးလို့တန်းလန်းမှာ ရပ်နေတယ်။နောက်ပြီး ကိုကိုနဲ့မင်းက အတူနေရတဲ့အချိန်လည်း အရမ်းနည်းတယ်လေ။အခု ကိုကို တက္ကသိုလ်ကျောင်းပိတ်ပြန်လာတဲ့အချိန်မှာလည်း မင်းက ဆယ်တန်းစာမေးပွဲအတွက် ကျောင်းစာ ပြီးရင်း စာ ပဲလုံးပန်းနေရတော့ ကိုကို စာဖတ်ဖို့မတိုက်တွန်းရဲဘူး ဖြစ်နေတယ်။မင်း ဘက်ကလည်း အချိန်ဘယ်လိုမှပေးလို့မရဘူးလေ။နောက်ပြီး ကိုကို တိုက်တွန်းရင်တောင် အမေ က ကိုကို့ကို သတ်လိမ့်မယ်ထင်တယ်… 🙂 ။

စာစဖတ်မယ့် လူတစ်ယောက် အနေနဲ့ ကိုယ်စိတ်ဝင်စား၊သဘောကျတဲ့အကြောင်းအရာတစ်ခုက စတာအကောင်းဆုံးပဲ။ကိုကို ဆို ငယ်ငယ် တုန်းက ကာတွန်းစာအုပ်တွေကြိုက်တယ်။ဒါကြောင့် ကာတွန်းစာအုပ်တွေကိုပဲ ဖတ်ခဲ့တယ်။နည်းနည်းကြီးလာတော့ ၆ တန်းအရွယ်လောက်ကျတော့ အချစ်ဝတ္ထုတွေ စဖတ်မိပြီ။နောက် နည်းနည်းကျတော့ သိုင်းဝတ္ထုတွေဖတ်တယ်။ ၇ တန်းအရွယ်လောက်ကျတော့ ဆရာသောင်းဝေဦး ရဲ့ “စစ်သားဘ၀ အမှတ်တရ”စာအုပ်တွဲတွေကို ခဏခဏ ဖတ်ဖြစ်တယ်။နောက်ပြီး ကိုကို က ကံကောင်းတယ်ကွ။ကိုကို ၉ တန်း၊၁၀ တန်းကျောင်းတက်ရခဲ့ရတဲ့ နေသာပညာဒါန သင်တန်းမှာ နေသာစာကြည့်တိုက်ကြီး ရှိတယ်။နောက်ပြီး အဲဒီစာကြည့်တိုက်ကြီးမှာ စာဖတ်ဝိုင်းလေးတွေကိုလည်း စနေ၊တနင်္ဂနွေ မှာကျင်းပလေ့ရှိတော့ အတွေးအခေါ်ပါတဲ့စာအုပ်တွေကို ထိတွေ့ဖို့အတွက် ကိုကို မကြောက်တော့ဘူး။ဆရာအောင်သင်း၊ဆရာဖေမြင့်၊ဆရာကျော်ဝင်း စာအုပ်တော်တော်များများကို ၉ တန်းအောင် ၁၀ တန်းတက် နွေကျောင်းပိတ်ကာလ အကြိုသင်တန်းတက်နေတုန်း ကိုကို ဖတ်ဖြစ်ခဲ့တယ်။၁၀ တန်းမှာတော့ ကိုကိုလည်း စာအုပ်တွေ သိပ်မဖတ်ဖြစ်တော့ပါဘူး။

ကိုကို မင်းကို ဘာလို့ နောက်ကြောင်းတွေ ပြန်ပြောနေရတယ်လို့ထင်သလဲ။မင်း ကို မြင်စေချင်လို့။စာဖတ်ရင်း ဖတ်ရင်း နဲ့ ဘာမှလုပ်စရာမလိုပဲ တစ်ဖြည်းဖြည်း ပြောင်းလဲမှု ရှိလာတယ် ဆိုတာကိုပေါ့။ပထမ ကိုကို တို့က စာအုပ်တွေကို အသုံးချတယ်။နောက်ပိုင်းကျတော့ စာအုပ်တွေက ကိုကို တို့ကို ပြန်အသုံးချတယ်။ကိုကိုတို့ရဲ့အတွေးအခေါ်၊အယူအဆတွေက အသက်အရွယ်အရရင့်ကျက်လာတယ်ဆိုပေမယ့် ဖတ်တဲ့စာအုပ်တွေပေါ် မူတည်ပြီးတော့လည်း အကျိုးသက်ရောက်မှုရှိပါတယ်။စာဖတ်တဲ့သူ တစ်ယောက်အနေနဲ့ ဘယ်နေရာ၊ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် တစ်ခြားသူ(စာမဖတ်တဲ့သူတွေ..)ထပ်တော့ ခေါင်းတစ်လုံး မြင့်နေတယ်ကွ။သူများထက်မသာရင်တောင်ကွာ သူများထပ်တော့ မနိမ့်စေရဘူးဆိုတာ ကိုကို အာမခံတယ်။ဒါပေမယ့် အဲဒီအတွက်တော့ မော်မကြွားရဘူး။မာနမထောင်ရဘူး။ကိုယ်သာ အတတ်၊ကိုယ်သာ အတော်ဆိုပြီး အတ္တမကြီးရဘူး။မင်း စာအုပ်တွေဖတ်တယ်ဆိုတာ မင်းကိုယ်မင်း ပဲပြောင်းလဲဖို့အတွက်ပါ။

ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတဲ့သူတစ်ယောက်က ကျရှုံးဖို့အဆင်သင့်ဖြစ်နေပြီ တဲ့။ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ဒါပေမယ့် အထင်မကြီးပါ နဲ့လို့ ကိုကိုမှာချင်တယ်။ဒီတော့ မင်းအနေနဲ့ ဖတ်ချင်တဲ့စာအုပ်တိုင်း ကို ဖတ်ပစ်ကွာ။အချစ်ဝတ္ထု ဖတ်ချင်ရင် ဖတ်ပစ်လိုက်၊သိုင်းဝတ္ထုဖတ်ချင်ရင် ဖတ်ပစ်လိုက်…စိတ်ထဲမှာ စည်းကမ်းတွေနဲ့သတ်မှတ်မထားနဲ့။စာအုပ် ဆိုတာ ငြိမ်းချမ်းခြင်းရဲ့နေရာတစ်နေရာ ပဲ။မင်းအနေနဲ့ စာအုပ်ထဲမှာ အလုံးစုံ လုပ်ပစ်လိုက်လို့ရတယ်။ဥပမာ-ရော်ဘင်ဟု စာအုပ်ဖတ်နေရင်း မင်းကိုယ်မင်း ဆင်းရဲသားတွေ ကယ်တင်နေတဲ့လူစွမ်းကောင်းအဖြစ် ထင်ရင်ထင်နေလိမ့်မယ်။မာသာထရီဇာ အကြောင်းဖတ်နေရင်း သနားကရုဏာစိတ်တွေ မင်း စိတ်ထဲ တဖွားဖွားဖြစ်နေမှာပဲ။ဟင်နရီဖိုဒ့်တို့၊သောမတ်စ်အယ်ဗာအယ်ဒီဆင် တို့အကြောင်း ဖတ်မိရင်း မင်း လည်းပဲ ဟို ပစ္စည်း တီထွင်ချင်သလို၊ဒီ ပစ္စည်းဖန်တီးချင်သလို ကိုယ့်ကိုကိုယ် တီထွင်သူကြီးအဖြစ်ထင်ချင်ထင်နေမှာ။စာအုပ်ထဲမှာ စီးမြောလိုက်ကွာ။မင်းရဲ့လက်ရှိပစ္စုပန်အခြေအနေ ကို စာအုပ်ဖတ်နေတုန်း မေ့ထားလိုက်။ဖတ်ပြီးရင်တော့ ပြန်သုံးသပ်ပါ။စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်စဉ်းစားပါ။မင်းအတွက် မလိုအပ်ဘူးထင်တဲ့အကြောင်းအရာတွေကိုမေ့ပစ်လိုက်ပါတော့။စာအုပ်ဖတ်နေရင်း စိတ်ကူးယဉ်တာ ဘာမှမဖြစ်ပေမယ့် စာအုပ်ဖတ်ပြီးမှ စိတ်ကူးယဉ်နေရင်တော့​အရူးတွေပဲ တစ်ယောက်တည်း စိတ်ကူးယဉ်တတ်တာနော်။စာအုပ်ဖတ်ဖို့ ကိုယ်ပေးလိုက်ရတဲ့အချိန်နဲ့ ကိုယ်ဘာပြန်ရသလဲ ဆိုတာညှိကြည့်။စစချင်း ဖတ်တဲ့သူအနေနဲ့ အရမ်းခက်တယ်ကွ။ကိုကို လည်း အဲဒီလိုကြုံခဲ့ရတာ။မလုပ်တတ်သေးတဲ့အချိန်မှာ ဒွိဟ အရမ်းဖြစ်တတ်တယ်။မင်း အနေနဲ့ အတွေးအခေါ်စာအုပ်တွေဖတ်ပြီး(ဒါမှမဟုတ် အခု ကိုကို ရေးတဲ့စာကိုဖတ်ပြီး) စိတ်ကူးယဉ်နေတာတွေကို ရပ်ချင်တယ်ကွာ။လက်တွေ့မှာ ရပ်လို့မရဘူး ဖြစ်တတ်တယ်။ မကောင်းဘူးဆိုတဲ့အရာတွေကို မင်း ဖတ်တဲ့စာအုပ်တွေရဲ့အတွေးအခေါ်တွေကနေ သိနေပြီ။အပြင်မှာတော့ လုပ်မိရင်လုပ်မိသွားတယ်။အဲတော့ မင်းကိုယ်မင်း ဒေါသဖြစ်လာပြီ။မင်းကိုယ်မင်း မကျေမနပ်ဖြစ်တယ်။ငါ မကောင်းဘူးဆိုတာ သိရဲ့သားနဲ့ဘာလို့မရပ်နိုင်ရတာလဲ ဆိုပြီးတော့ပေါ့။

 

ဘာမှ အဲဒီလို ဖြစ်နေစရာမလိုဘူး ညီလေး။၁၅ ၊ ၁၆ ၊ ၁၇ နှစ် အရွယ် ကောင်လေးတစ်ယောက်အနေနဲ့ အချစ်ဝတ္ထု ဖတ်ပြီး စိတ်ကူးယဉ်မိမှာပဲ။ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေအကြောင်း ဖတ်ပြီး အားကျအတုယူချင်စိတ်ဖြစ်မိမှာပဲ။သဘာဝ အရ နုနယ်သေးတဲ့စိတ် ကို စာအုပ်တွေနဲ့ရင့်ကျက်အောင်ပြုလုပ်နေတာလေ။ချက်ချင်းကြီး ဥုံ ဖွ ဆိုပြီး ပြောင်းလဲပစ်လို့ရတဲ့အရာ ဘာမှမရှိပါဘူး။မင်းအနေနဲ့ မကောင်းမှန်းသိတဲ့အရာ တစ်ခုကို ပထမအကြိမ်၊ဒုတိယအကြိမ် လုပ်မိပြီးပေမယ့် တတိယအကြိမ်ကျရင်တော့ လုပ်မိရင်တောင် တွန့်တွန့်ဆုတ်ဆုတ်နဲ့ပါ။ဒီတော့ တစ်ဖြည်းဖြည်းပဲ​ ကိုယ့်ကိုကိုယ် ပြောင်းလဲယူ။ဒီနေ့မင်း နဲ့ မနက်ဖြန် မင်း မတူအောင်ပဲကြိုးစား။ဖိအားတွေကြားထဲမှာ မနေနဲ့။တွေးရင်းနဲ့ စာဖတ်။စာဖတ်ရင်း နဲ့တွေး။မင်းရဲ့အနာဂါတ်က ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုရင် နေရာနဲ့တန်အောင် စာတွေဖတ်ထားရလိမ့်မယ်။ခေါင်းဆောင်တစ်ယောက်အနေနဲ့ မေးလာမယ့် မေးခွန်းတွေကို ဖြေနိုင်ရမယ်။တွေ့လာမယ့် အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရမယ်။ဒီအတွက် အတွေ့အကြုံတွေကို စာအုပ်တွေထဲကနေ ကောက်နှုတ်ယူပါ။စာအုပ် တွေဆိုတာ စာရေးဆရာရဲ့ဖြတ်သန်းခဲ့ရတဲ့ဘ၀အတွေ့အကြုံတွေကို ရင်ဖွင့်ပြထားတဲ့ နေရာတစ်နေရာ။အခု ကိုကို ရေးနေသမျှ ကိုကို့အသက်အရွယ်အလိုက် မင်းထက်အရင်ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကို မင်း သိစေချင်လို့ ပြောပြနေတာ။မင်း အနေနဲ့ ကိုကို့စာ ကို အသုံးချနိုင်လိမ့်မယ် လို့ ကိုကို မျှော်လင့်ပါတယ်။ကိုကို မင်းကို ပြောပြနေတဲ့သဘောတရားယူဆချက်တွေ အားလုံးလိုလိုက ကိုကိုဖတ်ဖူးသမျှ စာအုပ်တွေထဲက စာရေးဆရာတွေရဲ့အတွေးအခေါ်အယူအဆတွေချည်းပါပဲ။မသိစိတ်အရ ကိုကို့အပေါ်လွှမ်းမိုးနေတဲ့ စာရေးဆရာတွေရဲ့ အယူအဆတွေပေါ့။

ညီလေး ဘ၀မှာလည်း စာအုပ်တွေကို အသုံးချနိုင်ပါစေလို့ ဆုတောင်းရင်း……

 

ချစ်တဲ့ မင်းရဲ့ ကိုပိုင်

ခေတ္တ – ရန်ကုန်မြို့။

ညီလေးဖတ်ဖို့…(၁)

သိပ်မကြာတော့တဲ့ March လအတွင်းမှာ ဆယ်တန်းစာမေးပွဲကြီး ကိုဖြေရတော့မယ်နော်။ကိုကိုတော့ ညီလေးနဲ့အတူနေရတဲ့အချိန်နည်းလို့လားတော့မသိဘူး။ညီလေး ဆယ်တန်းတက်နေရတယ် ဆိုတာ တစ်ခါတစ်လေ ယုံတောင်မယုံမိဘူးဖြစ်နေတယ်။ညီလေးအတွက် အခုချိန်မှာ ဖိအားတွေ၊စိတ်ဓာတ်ကျမှုတွေ ရှိနေနိုင်တယ်ဆိုတာ ကိုကို ကိုယ်ချင်းစာပေးလို့ရပါတယ်။နောက်ပြီး ညီလေးတို့ ခေတ်အချိန်အခါက ကိုကိုတို့ထက် ပိုပြီး တင်းကျပ်မှုတွေရှိနေတယ်ဆိုတော့ ညီလေး ပိုပြီးကြိုးစားပြရတော့မှာပေါ့။ပြောသာ ပြောလိုက်ရတာပါ။မင်းနဲ့ကိုကို က (၂) နှစ်ပဲကွာတာဆိုတော့ ခေတ်အချိန်အခါ ပြောင်းလဲမှုကြီးက ဘယ်လိုကြီးမှန်းကိုမသိဘူးလို့​ ကိုကိုထင်တယ်။ကိုကိုတို့တုန်းက မင်းတို့ထက် အခွင့်အရေးတွေရခဲ့ပါတယ်။ကိုကို ရဲ့ဆယ်တန်းအမှတ် (၄၀၀) တောင်မကျော်ပေမယ့် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ကို ၀င်ခွင့်ဖြေပြီး တက်ခွင့်ရခဲ့တယ်။ကိုကို မင်းကို တင်စီးပြီး အပေါ်က ပြောနေတာ မဟုတ်ဘူးနော်။ကိုယ့်ကိုကိုယ် ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတာလဲ မဟုတ်ဘူး။ကိုကို ဆယ်တန်းမှာ မကြိုးစားခဲ့တဲ့အတွက် ရခဲ့တဲ့နောင်တ ကို ပြန်ပြီးအသုံးချနိုင်ခွင့်ရခဲ့တယ်လို့​ ကိုကို ပြောချင်တာပါ။ဒါပေမယ့် မင်းတို့ အခုချိန်မှာတော့ ဒီလိုမျိုး ရနိုင်တော့မှာမဟုတ်ဘူး။မင်း ရဲ့ ဆယ်တန်းအမှတ်ပေါ်မူတည်ပြီးတော့ပဲ ဘ၀ကို ဆုံးဖြတ်သွားရတော့မှာ။

 

အခု ကိုကိုတို့နိုင်ငံမှာ COE(Center of Excellent) ဆိုတဲ့ အဆင့်မြင့်တက္ကသိုလ်တွေ ပေါ်လာတယ်။တက္ကသိုလ်တွေ ဆိုလို့​အများကြီးလို့ထင်မနေနဲ့။နှစ်ကျောင်း၊သုံးကျောင်း လောက်လေးပါ။ဒီတက္ကသိုလ်တွေတက်ခွင့်ရမယ်ဆိုရင် အခွင့်အရေးတွေအများကြီးရမယ်။အဆင့်မြင့်သင်ကြားမှုတွေနဲ့ ပညာဆည်းပူးခွင့်ရမယ်။ဒါပေမယ့် အမှတ်ကတော့ ၅၀၀ မကျော်ရင် အနားမကပ်နဲ့လို့တောင် ပြောရတော့မှာလေ။ကိုကိုကတော့ မြန်မာနိုင်ငံရဲ့ ကျောင်းသားထုအတွင်းမှာ လူတန်းစား ခွဲခြားမှု ပေါ်လာတယ်လို့ပဲခံစားရတယ်။အခွင့်ထူးခံလူတန်းစား ဆိုပြီး တစ်နိုင်ငံထဲမှာ နေတဲ့ကျောင်းသားတွေအတွင်းမှာ သတ်မှတ်ပြဌာန်းပေးလိုက်တယ်လို့လဲ ထင်မိတယ်။ဒီနိုင်ငံမှာ နေတဲ့ ကျောင်းသားတိုင်းမှာ ဒီနိုင်ငံက ပေးတဲ့ ပညာရေးအဆင့်အတန်း တန်းတူညီမျှ ရပိုင်ခွင့်မရှိဘူးလား။ဆယ်တန်း ဆိုတဲ့ ကာလအခြေအနေ က အမှတ် ဆိုတာနဲ့ပဲ ရှေ့ဆက်ရမယ့် ဘ၀အနာဂါတ်ကို ဖန်တီးရမှာလား။ဆယ်တန်း ကို တက်ရတဲ့အချိန်က တစ်နှစ် ထဲပါ။ကိုကိုတို့ ရှေ့ဆက်လူလုပ်ရမယ့် အချိန်တွေက နောင် ..နောင်…နောင် နှစ်ပေါင်းများစွာ။ဒီတစ်နှစ် မှာ မှားယွင်းမိလိုက်ရင် ပေးဆပ်ရမယ့်ကိုကိုတို့အချိန်တွေအတွက် ဘယ်သူ ဘာလုပ်ပေးမှာလဲ။ကိုကို တွေးရင်း ကြောက်မိပါတယ်။ဘွဲ့ဂုဏ်ထူးသတ်မှတ်ချက်တွေ နဲ့ အလုပ်ဆိုတာကို ဖန်တီးယူနေရတဲ့ ခေတ်ကြီးထဲမှာ ကိုကို တို့ အလုပ်လက်မဲ့ဘ၀ဖြစ်နေရမှာကိုပေါ့။

မင်းတော်ရင် အလိုလို ဖြစ်လာမှာပါ လို့ ပြောလို့ရနိုင်ပါတယ်။ဒါပေမယ့် ကိုကိုတို့ အဝေးသင် မှာ ဘယ်လောက်တော်နေ၊တော်နေ YTU ဆိုတဲ့ အဆင့်မြင့်နည်းပညာတက္ကသိုလ်ကြီးက လူ ညံ့သလောက်တောင်မှီမှာမဟုတ်ပါဘူး။ဘာကြောင့် ဒီလို နေရာကိုလိုက်ပြီး ခွဲခြားသတ်မှတ်မှု ဖြစ်နေရတာလဲ။လူပဲကွာ…. လွဲချော်မှု ရှိနိုင်တယ်။ဒါပေမယ့် သူ့မှာ နောင်တရှိနေမယ်ဆိုရင် ဒီလူအတွက် ကြိုးစားပိုင်ခွင့်မရတော့ဘူးလား။ဒီနိုင်ငံထဲမှာ ပဲ အတူတူနေတယ်၊ ဒီနိုင်ငံထဲက ထမင်းကို အတူတူစားတယ်၊ဒီနိုင်ငံထဲက ရေ ကိုလည်း အတူတူသောက်တယ်၊ အေး ဒါပေမယ့်​ဒီနိုင်ငံထဲက ပညာကိုတော့ အတူတူသင်ခွင့်မရဘူးဖြစ်နေတယ်။မတူညီတဲ့ ဆယ်တန်းမေးခွန်းကိုကော သတိထားကြအုန်းလေ။မေးခွန်းသတ်တယ် ဆိုတဲ့ ပြည်နယ်၊တိုင်းက ကျောင်းသားတွေက သက်တောင့်သက်သာ ဖြေခွင့်ရတဲ့ ပြည်နယ်၊တိုင်းက ကျောင်းသားလောက် အမှတ်ရပါ့မလား။တော်တာချင်း တူခဲ့ရင်တောင် ရတဲ့အခွင့်အရေးမတူဘူးဖြစ်နေတယ် ညီလေး။ညီလေး ကို အခုလိုပြောနေတဲ့အတွက် ဆယ်တန်းမှာ ဖြစ်ကတတ်ဆန်းဖြေလိုက်တော့မယ်။အောင်ရင်တော်ပြီ လို့တော့ မတွေးလိုက်ပါနဲ့ဗျာ။ပထမဆုံး ဒုက္ခခံစားရမှာက ညီလေး ပါ။ဒါဆို ကိုကိုတို့ညီလေးတို့ရောမ ရောက်ရင် ရောမ လိုကျင့်ရတော့မှာပဲ လို့ပဲ ဖြေသိမ့်ကြတော့မှာလား။အဲဒါဆိုရင် ငါတို့အမြဲတမ်း ရောမ ကို ရောက်နေသလိုပဲဖြစ်လိမ့်မယ်။

 

ကိုကို တို့ပြောင်းလဲကြရမယ် ညီလေး။ကိုကိုတို့ တတ်နိုင်သလောက်ပေါ့။ရှေ့ဆောင်လမ်းထွင်နေတဲ့သူတွေအနေနဲ့ လမ်းသစ်မဖောက်နိုင်ခဲ့ရင် ကိုကိုတို့နောက်မှာ လိုက်လာမယ့် ညီလေးတို့မျိုးဆက်၊ပြီးတော့ ညီလေးတို့မျိုးဆက်နောက်မှာ ဆက်ကာ ဆက်ကာ ဖြစ်လာဦးမယ့် မျိုးဆက်ပေါင်းများစွာ။ဒီ မြန်မာတစ်နိုင်ငံထဲမှာ နေပြီး တူညီတဲ့မျှော်လင့်ချက် မရှိတော့ရင် ကိုကိုတို့ကျောင်းသားတွေနဲ့ ဘ၀ ဆိုတာကို ဘယ်လိုမြင်ကြတော့မလဲ။ညီလေး ကြားဖူးပါလိမ့်မယ်.. Freedom of Fear,Freedom of Politics,Freedom of Economics … ဒါတွေအပြင် ကိုကိုတို့ လူငယ်တွေအတွက် Freedom of Hope ဆိုတာ ရှိရမယ်လေ။မရှိသေးရင် ကိုကိုတို့ ကိုယ်တိုင်ဖန်တီးယူရလိမ့်မယ်။ဆယ်တန်း ဆိုတဲ့အမှတ်တစ်ခုတည်းနဲ့ ပိတ်ပင်ခံနေရတဲ့ မျှော်လင့်ချက်တွေ အတွက် ဦးဆောင်တိုက်ပွဲဝင်ကြရလိမ့်မယ်။ဒီအတွက်တော့ ကိုကိုတို့ကို ဘယ်သူ့မှလာခိုင်းမှာ မဟုတ်ပါဘူး။ကိုကိုတို့ ဒီအတိုင်း ငြိမ်ငြိမ်လေးထိုင်နေပြီး ရေလိုက် ငါးလိုက် နေလို့ရပါတယ်။ညီလေး လည်း ဆယ်တန်း အမှတ်ကောင်းအောင် အသေအလဲစာကြိုးစားကျက်၊ကိုကိုလည်း B.E ဘွဲ့ရဖို့ တစ်နှစ်တစ်တန်းအောင် အောင်ကြိုးစား။ဒီလို ထိုင်ကြည့်ရင်းနဲ့ပဲ အချိန်တွေကုန်လွန်သွားမှတော့ သေချာပါတယ်။ဒါပေမယ့် ညီလေး….ကိုကိုတို့ရဲ့ကိုယ်ပိုင်သမိုင်း မှာတော့ သာမာန်လူတစ်ယောက်အနေနဲ့ပဲ အသက်ရှင်တယ်၊သေဆုံးတယ်၊ရိုးရိုးလေးပဲ အပြီးသတ်သွားလိမ့်မယ်။မင်းရေးတဲ့သမိုင်း အဖိုးတန်ဖို့အတွက်တော့ မင်း ကြိုးစားသင့်တယ်လေ။ဒါဆို ကိုကိုတို့ဘာလုပ်နိုင်မလဲ။ဘာလုပ်တတ်မလဲ။စဉ်းစားကြည့်ကြရအောင်။

 

ကိုကိုတို့နိုင်ငံရဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံး နိမ့်ကျနေတယ်။ပြောင်းလဲသင့်နေတယ် ဆိုတာ အားလုံး သိကြပါတယ်။သမ္မတကြီးအပါအ၀င် လွှတ်တော်၊၀န်ကြီးအားလုံး စဉ်းစားနေကြမှာပါ။နိုင်ငံတစ်ခုလုံး အတိုင်းအတာနဲ့ဆိုရင် ရင်ဆိုင်နေရတဲ့အခက်အခဲတွေအများကြီး ရှိနိုင်တယ်လေ။ကချင်ပြည်နယ်က ပြည်တွင်းစစ် အခုထိမပြီးသေးဘူး။ရခိုင်ပြည်နယ်က ကျူးကျော်သူတွေကိစ္စ အခုထိ မရှင်းလင်းရသေးဘူး။ဒီလိုမျိုး ကိစ္စတွေ အများကြီး၊အများကြီး ရှိနေမှာပေါ့။နောက်ပြီး အထက်လူကြီးတွေက ပြောင်းလဲချင်နေပေမယ့် အခုထိ ရှေးရိုးစွဲ အောက်ခြေကလူတွေလည်း ရှိနေသေးတော့ ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့မရသေးဘူးပေါ့ကွာ။ဒီတော့ မပြောင်းလဲသေးချင်တဲ့သူတွေ အတွက် သွေးပူအောင်တော့ ကိုကိုတို့ဘက်က အသိပေးပိုင်ခွင့်ရှိပါတယ်။အသိပေးတယ် ဆိုတာ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။လမ်းမပေါ်ထွက် ဆန္ဒပြမှာလား။အထက်လူကြီးတွေဆီ စာတင်မှာလား။ကျောင်းသားတွေ သပိတ်မှောက်မှာလား။မီဒီယာတွေကတစ်ဆင့်ပြောမှာလား။ဒါပေမယ့် မလုပ်ခင်တော့​ကိုကိုတို့ ကြိုတင်ပြီးတော့ စဉ်းစားရလိမ့်မယ်။ပထမဆုံးအရေးကြီးတာကတော့ ပြည်သူလူထုပါ။ကျောင်းသားအရေးလုပ်မယ်ဆိုရင် ကျောင်းသားတွေစိတ်ဝင်စားဖို့လိုတယ်။အလုပ်သမားအရေး လုပ်မယ်ဆိုရင် အလုပ်သမားတွေ တက်ကြွစွာပါဝင်ဖို့လိုတယ်။ဒီအတွက် ခေါင်းဆောင် တစ်ယောက်ရဲ့အရည်အချင်းဆိုတာက အဆုံးအဖြတ် တစ်ခုဖြစ်လာပြီလေ။

 

ကိုကို့ကို ဖေဖေ ပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။“မင်း ကိုယ်တိုင် ပြည့်နေမှ သူများကို ဖြည့်လို့ရမှာလေ” တဲ့။ကိုကိုတို့ တက္ကသိုလ်ကျောင်းသားတွေရဲ့အခွင့်အရေးအတွက် တောင်းဆိုမယ်ဆိုရင် တက္ကသိုလ်ကျောင်းမှာ ကိုကိုတို့ဘယ်လောက်တော်နေသလဲ ဆိုတာ အရေးကြီးလာပြီ။ကိုကိုက အဆင့်ဟိုးနောက်ဆုံး မှာဆိုရင်တော့ ကိုကိုပြောသမျှဟာ မနာလိုဝန်တိုလို့ပြောတာ၊လိုက်မလုပ်နိုင်လို့ ပြောတာ ဆိုတဲ့သဘောထားတွေရှိကိုရှိလာကြမှာ။လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ သူ့နိုင်ငံရေးစကားလုံးတွေရဲ့ပြောင်မြောက်မှုအတွက် ရှည်လျားလှတဲ့ အင်္ဂလိပ်မိန့်ခွန်းရှည်ကြီးတွေ ကျောင်းပိတ်ရက်ကာလအတွင်း အလွတ်ကျက်ခဲ့တယ်။အေဘရာဟမ်လင်ကွန်းအနေနဲ့  သမ္မတဖြစ်ဖို့ အောင်မြင်တဲ့ရှေ့နေတစ်ယောက် ဖြစ်အောင်လုပ်ခဲ့ရတယ်။ဂျော့ဝါရှင်တန်ကာဗာဟာ စာအုပ်နဲ့မျက်နှာ မခွာနိုင်အောင်ကြိုးစားခဲ့ရပြီးမှ၊တီထွင်ထုတ်လုပ်မှုအမျိုးမျိုးကိုအောင်မြင်ခဲ့ပြီးမှ ကမ္ဘာရဲ့လေးစားမှုကို လူမည်းတစ်ယောက်အနေနဲ့ ရခဲ့တာ။ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အမေဒေါ်အောင်ဆန်းစုကြည်က နာမည်ကျော်အောက်ဖို့ဒ်တက္ကသိုလ်က နိုင်ငံရေးသိပံဘွဲ့ ကိုယူခဲ့တာ။(တော်ရုံအရည်အချင်းနဲ့ရမယ် ထင်လား..) ဒါတွေ အားလုံး ကိုကိုတို့ သိပြီးသားပါ။(ကိုကို့ထပ် ရှင်းလင်းပြတ်သားတဲ့အရေးအသားတွေ၊အတွေးအခေါ်တွေ ကို ဆရာဖေမြင့် ရေးတဲ့စာအုပ်တိုင်းမှာ တွေ့နိုင်ပါတယ်။အဲဒီအတွက် မင်း စာမေးပွဲပြီးလို့ အနားယူချိန်ကျရင် ဆရာဖေမြင့်ရဲ့စာအုပ်တွေလည်း ရှာဖတ်စေချင်တယ်။ငါတို့အိမ်မှာတောင် အများကြီးရှိပါတယ်ကွာ။အပြင်မှာ ၀ယ်မဖတ်ဖြစ်ဘူးဆိုရင်တောင် အိမ်မှာရှိနေပြီးသား စာအုပ်တွေကိုပဲ အရင်ပြီးအောင်ဖတ်ပါဦး…)

ဒါကြောင့် ဦးဆောင်မယ့်လူတစ်ယောက်ရဲ့အရည်အချင်းက ဖွတ်ကြား လို့အပြစ်ပြောကြမယ်ဆိုရင်  အပြစ်ပြောတဲ့လူတွေ အမှားမဟုတ်ဘူး။အပြစ်ပြောခံရလောက်အောင် ညံ့နေတဲ့ ဦးဆောင်ချင်သူကြီး ရဲ့အမှား။ရင်ဆိုင်ဖို့အတွက် ပေးဆပ်ရလိမ့်မယ်။ပွဲမ၀င်ခင် အပြင်က ကျင်းပကြရလိမ့်မယ်။သူများကို ဦးဆောင်ချင်ရင် သူများတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေမှရလိမ့်မယ်။ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူအများစု အတွက် တစ်တောင်လောက်ပဲမြင်နေတဲ့အချိန်မှာ ကိုယ်က တစ်မိုင်လောက်ထိ မြင်နေနိုင်စွမ်းရှိရမယ်။ကိုယ်ဆုံးဖြတ်ချက်ချရမယ့် ကိစ္စအတွက် တာဝန်ယူနိုင်စွမ်းရှိရမယ်။ဒီလိုဆိုတော့ ညီလေး ရေ…..ပေးဆပ်ခြင်း ဆိုတာ ပိုင်ဆိုင်ခြင်းရဲ့ခြေလှမ်းတစ်လှမ်းပါ။ကိုကိုတို့အနေနဲ့ မျှော်လင့်ချက်တွေ ရှင်သန်ဖို့အတွက် ဖန်တီးချင်တယ်ဆိုရင် ဖန်တီးနိုင်စွမ်းအား ရှိအောင်တော့လုပ်ရလိမ့်မယ်။ကိုကို ညီလေး ကို တစ်ခါမှမဆုံးမဖူးပါဘူး။ကိုကို ဆုံးမရင်လည်း ညီလေး လက်ခံမှာလဲမဟုတ်ဘူးလေ။ကိုကိုနဲ့ညီလေးက အသက်သိပ်မကွာသလို ငယ်ငယ်လေးကတည်းက သူငယ်ချင်းပေါင်း ပေါင်းလာခဲ့တော့ ကိုကို့စကားတွေက ညီလေးအပေါ် လွှမ်းမိုးနိုင်စွမ်း နည်းနေပါလိမ့်မယ်။ကိုကိုအနေနဲ့လည်း ကိုကို ပြောလို့ ညီလေး လိုက်လုပ်တယ်ဆိုတာ လက်မခံချင်ဘူးကွာ။ညီလေး ရဲ့ ကိုယ်ပိုင်အတွေးအခေါ် သုံးသပ်နိုင်စွမ်း နဲ့ စဉ်းစားပြီးမှာ ကိုယ်တိုင် ဆုံးဖြတ်။ဟုတ်ပြီလား……ကိုကို ညီလေး ကို အများကြီး မျှော်လင့်ထားတယ်ဆိုတာကိုတော့ စိတ်ထဲမှာ သိမ်းပေးထားပါ။

ကိုကို့ထက်သာတဲ့ လူတစ်ယောက်အနေနဲ့ ကိုကို မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ ဖေဖေနဲ့မေမေ ရဲ့ဆန္ဒတွေကို ညီလေး ဆောင်ရွက်ပေးနိုင်ပါစေ လို့……

 

မင်း ရဲ့ ကိုပိုင်

ခေတ္တ-ရန်ကုန်မြို့။