ညီလေး ဖတ်ဖို့ (၆) …… ဘာသာပြန်စာအုပ်အချို့ အကြောင်း

ညီလေး ရေ……….

သာမန်ဝတ္ထုတို၊၀တ္ထုရှည်၊ဆောင်းပါးတွေကိုတောင် အဖတ်နည်းတဲ့ မင်း အတွက် ဘာသာပြန်စာအုပ်တွေကို မထိဖြစ်မှာ သေချာပါတယ်။ဘာသာပြန်စာအုပ်အများစု က ရှည်တယ်။မှတ်စရာ နာမည်တွေများတယ်.. :)။နောက်ပြီး ကိုယ်နဲ့ မရင်းနှီးသေးတဲ့နေရာတွေ၊စရိုက်သဘာဝတွေကို ဖွဲ့နွဲ့ပြီးရေးထားတဲ့အတွက် ဖတ်ဖို့ အရမ်းပျင်းပါတယ်။ကိုကို လည်း ဘာသာပြန်စာအုပ်တွေ ဖတ်ရမှာ ကြောက်ခဲ့ဘူးတယ်ကွ။ကိုကို ဘာသာပြန်တွေကို ဖတ်ရမှာလန့်ခဲ့ပေမယ့် ဘာသာပြန်စာအုပ် ဆိုတာကိုတော့ (၃) တန်း အရွယ်မှ စပြီး ထိတွေ့ခွင့်ရခဲ့ပါတယ်။

မင်း မယုံကြည်လောက်ဘူး ထင်တယ်။မယုံရင် မေမေ့ဆီ သွားမေးဖို့ အကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ (၃) တန်းအရွယ်ကလေးတစ်ယောက်က ဘာသာပြန်စာအုပ်ထဲက စကားလုံးအချို့ကို သုံးပြီး လူကြီးတွေရှေ့မှာ စကားကြီးစကားကျယ် ပြောခဲ့တာကို မေမေ အခုထိ ရယ်စရာအဖြစ် ပြန်ပြောပြတတ်လို့ပါ။ကိုကို  ဖတ်ခဲ့တဲ့ဘာသာပြန်စာအုပ်က ဆရာထိန်လင်း ဘာသာပြန်တဲ့ “ပေါ်လီယာနာ” စာအုပ်ပါ။ Continue reading

Advertisements

ညီလေးဖတ်ဖို့ (၅)

ညီလေးရေ……..

ကျောင်းသားသမဂ္ဂရဲ့အလုပ်တွေကြားထဲမှာပဲ စိတ်ရောက်နေမိတော့ ညီလေးဆီ စာမရေးဖြစ်တာတောင် အတော်ကြာသွားပြီ။ညီလေး ကိုကို့ဆီကနေ တောင်းထားတဲ့ ရင်ထိုး ကိုကို အိမ်ပြန်လာရင် ပါလာလိမ့်မယ်။အဲဒီတုန်းကလဲလေ…ကိုကို မင်းကို အရမ်းရယ်ချင်တာပဲ။လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သတ်ပြီး မုံရွာကျောင်းသားသမဂ္ဂရဲ့လှုပ်ရှားမှုအရှိန်အဟုန်က တက်ကြွနေတော့ သမဂ္ဂအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတဲ့ မင်းအကို ကို မင်း စပြီးအထင်ကြီးလာတယ်ထင်တယ်။(သေချာတာတစ်ခုက ငါ့ဘ၀မှာ ဒါ ပထမဆုံးသော မင်း လေးစားမှု ရလိုက်တဲ့အချိန်ပါ။)မင်း ကိုကို့နားကပ်လာပြီးတော့ သမဂ္ဂရင်ထိုးတစ်ခု တောင်းတယ်။မင်းအထင်က ဒီရင်ထိုးတပ်လိုက်တာနဲ့ သမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သွားပြီ လို့နေမှာပေါ့။မဟုတ်ဘူး ညီလေးရဲ့။ကျောင်းသားသမဂ္ဂဆိုတာ သမိုင်းနဲ့ချီပြီးတော့ ရှိခဲ့၊ဖြစ်ခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်းကြီး တစ်ခု။စည်းကမ်း ဆိုတာ အလိုအလျောက်ရှိလာပြီးသားလေ။သမဂ္ဂအဖွဲ့ဝင်ဖို့အတွက် မင်းထင်သလို ရင်ထိုးလေး တပ်လိုက်ရုံနဲ့ဖြစ်လာမှာမဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ်ပါ။ကိုကို့ညီလေး ဆီမှာ တက်ကြွတဲ့စိတ်ဓာတ် ရှိတဲ့အတွက် ကိုကို အရမ်းပျော်ပါတယ်။ကိုကိုတို့ညီအကိုဆီမှာ အဖေတို့အမေတို့ဆီက သွေးတွေ စီးဆင်းနေတယ်လေ။၂၀၀၇ စက်တင်ဘာတစ်လ လုံး ကိုကိုတို့​ အမေ့ပါးပေါ်မှာ သနပ်ခါးဆိုတာ မမြင်ခဲ့ရဘူး။အဲဒီအချိန်တုန်းက မင်းတို့ကိုကိုတို့ ဘယ်အရွယ်ရှိအုန်းမှာလဲ။ကိုကို က ၇ တန်း၊မင်းက ၅ တန်း။ဒါပေမယ့် ကိုကို့စိတ်ထဲမှာတော့ အမေ ငိုအောင်လုပ်တဲ့သူတွေက မကောင်းလို့ပဲ ဆိုတာ အခုထိ အသိစိတ်ထဲမှာ စွဲနေတုန်းပဲကွ။ဘာကြောင့်ဖြစ်တယ်၊ဘယ်လိုဖြစ်နေတယ်ဆိုတာ ကိုကိုတို့သေသေချာချာမသိခဲ့ပေမယ့် တစ်ခုခု မှားခဲ့တယ်ဆိုတာတော့ ခံစားခဲ့ရတယ်။ဘာနိုင်ငံရေး အသိမှမရှိသေးပေမယ့် အမေ့မျက်ရည်ကြောင့် ပြည်သူတွေအတွက် တစ်ခုခု လုပ်ပေးချင်တဲ့စိတ် ငယ်ငယ်လေးကတည်းက ဖြစ်ခဲ့ရတယ်။ Continue reading

ကျနော် နဲ့ ဂျပန်ကျောင်းသားတစ်ယောက်

ကျနော် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် က ဂျပန်ကျောင်းသား တစ်ယောက်နဲ့​စကားပြောခွင့်ရခဲ့ပါတယ်။မြန်မာနိုင်ငံ အပြောင်းအလဲတွေနဲ့ပတ်သတ်ပြီး လာလေ့လာတဲ့သူတစ်ယောက်ပါ။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ရဲ့ စီစဉ်ပေးမှုကြောင့်  ကျနော်တို့မြန်မာကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ခြင်း ဖြစ်ပါတယ်။

မေးခွန်းတွေ မေးလိုက်၊ဖြေလိုက် နဲ့ ဆိုတော့ အရမ်းပျော်စရာကောင်းခဲ့ပါတယ်။(ဒါပေမယ့် ကြားခံ စကားပြန် ဦးလေးကြီးတော့ မပျော်နိုင်လောက်ဘူး ခင်ဗျ။သူ့ခဗျာ ဒီဘက် မြန်မာကျောင်းသားတွေရဲ့ နှိုက်နှိုက်ချွတ်ချွတ် ကပ်သီးကပ်သပ် မေးခွန်းတွေကို ဂျပန်လိုပြန်၊ဂျပန်ကျောင်းသား ပြန်ဖြေပေးတဲ့ အဖြေရှည်ကြီး ကိုလည်း မြန်မာလိုဖြစ်အောင် ပြန်ပြောပြရ ဆိုတော့လေ။)ကျနော်အနေနဲ့တော့ အသိချင်ဆုံး ဖြစ်တဲ့ ယဉ်ကျေးမှု၊ပညာရေး၊အစိုးရအုပ်ချုပ်မှု နဲ့ပတ်သတ်ပြီး မေးခွန်းသုံးခုကိုပဲ အဓိကမေးဖြစ်ခဲ့ပါတယ်။

ဂျပန်ကျောင်းသား အနေနဲ့ (အဲ…သူ့နာမည် ကို မမိတ်ဆက်ပေးရသေးဘူးနော်။ဆူးဒါး တဲ့ခင်ဗျ။နာမည်အရှည်တော့ ကျနော်လည်း မမှတ်မိတော့ဘူး။ဒီတော့ “ဆူးဒါး” လို့ပဲ သုံးမယ်ဗျာ။အဆင်ပြေမယ် မို့လား) ဆူးဒါး အနေနဲ့ ကျနော်တို့ကို ခေါင်းစဉ် (၃) ခုခွဲပြီး ဆွေးနွေးခဲ့ပါတယ်။

Continue reading

နည်းပညာ နှင့်ပတ်သတ်၍

Hacking ကို စိတ်ဝင်စားပါတယ်လို့ ပြောလာတဲ့ ညီမလေးတစ်ယောက် ကိုလည်း ကျနော် လိုင်းပေါ်မှာတွေ့ဖူးပါတယ်။ဆယ်တန်းအောင်ထားတဲ့ကောင်မလေး တစ်ယောက်ပါ။တအံ့တသြ ဖြစ်မိပါတယ်။မိန်းကလေး တစ်ယောက် ဟက်ဟာ ဖြစ်ချင်တယ် လို့ ပြောလာတာတော့ တော်တော်ဆန်းနေသလား လို့။မုံရွာသူ တစ်ယောက် ပဲမို့ ငါတို့ မုံရွာသား၊မုံရွာသူတွေကပဲ ထူးထူးခြားခြားတွေ စိတ်ဝင်စားနေတာလား လို့တွေးမိတယ်။ကျနော်လည်း ဆယ်တန်း ပြီးစတုန်းက အဲဒီလို အော်ခဲ့ဖူးတယ်ဗျ။ကွန်ပျူတာတက္ကသိုလ် တက်ပြီး Hacker လုပ်မယ်ပေါ့ဗျာ….. 🙂 ။ဖြစ်မလာခဲ့ပါဘူး။ဘယ်ပညာရပ်မှာပဲဖြစ်ဖြစ် ဘ၀တစ်ခုလုံး ကို ရင်းပေးနိုင်မှ တကယ် တတ်တဲ့သူဖြစ်လာမှာပါ။

ကွန်ပျူတာပညာရပ်တွေက ပိုပြီး ရှုပ်ထွေးပါတယ်။အဲဒီ ရှုပ်ထွေးပါတဲ့ ကွန်ပျူတာပညာရပ်တွေကို အပိုင်သိမ်းနိုင်တဲ့ Hacking လောက က ပိုပြီး နက်ရှိုင်းကျယ်ပြန့်ပြီး ကြောက်စရာကောင်းတယ်လို့တောင် ကျနော် ထင်မိတယ်ဗျ။Hacking …Hacking လို့အော်ပြီး Gmail အကောင့်လေး ခိုးနိုင်တာလောက်နဲ့ပဲ ကိုယ့်ကိုကိုယ် Hacker ကြီးလို့ ခံယူထားတဲ့ အကိုကြီးတွေ၊ချာတိတ်ပေါက်စန လေးတွေ နဲ့ ကျနော် သိခဲ့ရဘူးပါတယ်။ Continue reading

ရန်ကုန်မြို့ရောက် တောသားတစ်ယောက် ရဲ့ VIP ခရီးစဉ်

ရွှေမြို့တော်ကြီးအတွင်းမှာ တောသားတစ်ယောက်အနေနဲ့ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ့ရပါတယ်။

အင်္ဂလိပ်စာသင်တန်းအတူတက်နေတဲ့ သူငယ်ချင်းတွေစုပြီး ၀ိပဿနာရိပ်သာတစ်ခုမှာ အပတ်စဉ် သန့်ရှင်းရေးကုသိုလ်ယူလေ့ရှိပါတယ်။ကျုပ်က သင်တန်းတက်တာမကြာသေးပေမယ့် ဟိုနေရာလည်းပါ၊ဒီနေရာလည်းပါ ဆိုတော့ သင်တန်းကလူတွေအားလုံးလိုလို ကျုပ်ကို မျက်မှန်းတန်းမိနေကြပါပြီ။ဒီတော့ သန့်ရှင်းရေးသွားလုပ်ဖို့ လာခေါ်ကြတယ်။ပါလေရာမောင် ကျုပ်က ဘယ်ငြင်းလိမ့်မလဲဗျာ။ကုသိုလ်ရေးအတွက်ဆို ရှေ့တန်းကပဲ မဟုတ်လား။

အဲ….သွားပြီဆိုမှ ဒုက္ခရောက်တော့တာပဲဗျို့။ပထမတစ်ခေါက်တုန်းက လူစုပြီးမှသွားတာဆိုတော့ နောက်က အသာလေးကပ်လိုက်သွားရုံပဲ။ဒီတစ်ခေါက်ကျ ကျုပ် ရောက်တာနောက်ကျသွားတာကြောင့် စုသွားတဲ့သူတွေတဲ့သူတွေက သွားနှင့်ပြီ။ဒီတော့ ကျုပ်အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်သွားဖို့ပဲရှိတော့တယ်။သွားရမယ့်နေရာက ရွှေဂုံတိုင် နားမှာလို့တော့ ကျုပ် သိထားတယ်။ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခု ပြီးအောင်မလုပ်နိုင်ရင် ယောက်ျားမပီသဘူး လို့ စိတ်ကို မာန်တင်း၊ဘယ်လိုသွားရမလဲ စ စီစဉ်မိတယ်။နီးစပ်ရာမေးကြည့်တော့ ၁၇၄ ကား၊၅၀ ကား စီးရင် ရောက်သွားတာလို့ဆိုပဲ။နာရီဝက်လောက်ပဲသွားရမှာလို့ လဲပြောကြတယ်။ဒီတော့ ကျုပ် ၁၇၄ (or) ၅၀ ဆိုတာကို ဂါထာရွတ်သလို တတွတ်တွက် ရွတ်၊“ငါ စီးတဲ့နေရာသည် ဆင်ရေတွင်းမှတ်တိုင်၊ငါ သွားရမယ့်နေရာသည် ရွှေဂုံတိုင်၊ငါနေတဲ့ နေရာသည် စံရိပ်ငြိမ်မှတ်တိုင်” … ဆိုပြီး အာဂုံဆောင်။ဒီတော့ စ သွားကြတာပေါ့ဗျာ။ Continue reading

ပေးစားနှစ်စောင် အရင်းပြု၍

“ညီလေးဖတ်ဖို့” လို့ခေါင်းစဉ်တပ်ထားလို့လားတော့မသိပါဘူး။ညီမအရွယ်ထင်ရတဲ့ မိန်းကလေးတစ်ယောက်ဆီက Mail နှစ်စောင် ရောက်လာပါတယ်။ပို့ထားတာကြာနေပြီဗျ။ 4 ရက်နေ့ Date နဲ့ပို့ထားတာ။ကျွန်တော်က Mail Box မဖွင့်ဖြစ်တော့ ရောက်မှန်းမသိဘူး။ဒီနေ့မှ ဖတ်မိတဲ့အတွက် ကျွန်တော် ချက်ချင်းပဲစာပြန်ရေးလိုက်ပါတယ်။(နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ် ခင်ဗျာ။ညီမ အနေနဲ့ ကျွန်တော့်ကို အကြံပေးစေချင်ပါတယ် လို့ ခေါင်းစဉ်တပ် မေးမြန်းထားတဲ့အချက်တွေအတွက် ညီမဆီကို မေးလ်သီးသန့်ပြန်ပို့ပေးထားပါတယ်။အဲဒီမေးလ်မှာ ရေးထားတဲ့အကြောင်းတွေရယ် ကျွန်တော်နဲ့ရင်းနှီးနေတဲ့ ညီ၊ညီမတွေရဲ့ရင်ဖွင့်သံတွေကို ပေါင်းပြီး ရလာတဲ့အတွေးအချို့ အနေနဲ့ အားလုံးကို မျှဝေချင်လို့ အခုလို ရေးလိုက်ရတာပါ။ခွင့်ပြုချက်မတောင်းပဲ  ကျွန်တော် ရေးလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။Personal ကိစ္စတွေ လုံးဝမပါစေရပါဘူး လို့ ကျွန်တော် ကတိပေးပါတယ်။)

စကားချီး နဲ့ကို တော်တော်များနေပါပြီ။ပို့လိုက်တဲ့ မေးလ် ကို မြင်မြင်ချင်း ကျွန်တော် လေ ထဲကို မြှောက်တက်သွားတယ်ခင်ဗျ။ပြီးတော့ လန့်ပြီး ပြန်ပြုတ်ကျလာတယ်.. 🙂 ။ Continue reading

ညီလေးဖတ်ဖို့ (၄)

 

 

ညီလေး ရေ……

 

တစ်ခါတစ်လေကျတော့လည်းလေ ကိုကို အထီးကျန်ခံစားချက်မျိုးကို ခံစားရတယ်။လူတွေအားလုံးကြားမှာ ကိုယ်က ထူးခြားနေရင်ပေါ့။အရာအားလုံးကို သိနေခြင်းက ကောင်းတဲ့အချက်မဟုတ်သလိုပဲ။သိနေတဲ့အချိန်မှာ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲရပ်ကြည့်နိုင်နေမယ် ဆိုရင်တော့ ဘာမှမဖြစ်သေးဘူးပေါ့ကွာ။ဒါပေမယ့် ကိုယ်သိထားတာတွေနဲ့မတူတဲ့အချက်တွေကိုတွေ့တဲ့အခါမျိုးမှာ ထောက်ပြဝေဖန်လိုက်မယ်ဆိုရင်တော့ သေချာပေါက်တစ်ခုခုဖြစ်တော့မယ်။

 

သာမာန်လူအားလုံးကတော့ ဝေဖန်မှုကို မကြိုက်ကြပါဘူး။အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ကိုကို့ကို လာဝေဖန်ကြတဲ့အခါ ပြန်ပြီးတုန့်ပြန်ချင်တာမျိုး ဖြစ်မိပါတယ်။ဖတ်ထားတဲ့စာတွေကြောင့်သာ ဝေဖန်မှတိုးတက်မှာ ဆိုတာ သိနေပေမယ့် တကယ်လက်တွေ့မှာဖြစ်လာတဲ့အခါကျတော့ ပင်ကိုယ်စိတ်ရိုင်း ကို ချွန်းမအုပ်နိုင်ဘူး။ဝေဖန်တဲ့အခါတိုင်း ကိုယ် မှားနေတယ်လို့တော့လည်း ပြောလို့မရဘူးပေါ့ကွာ။ပတ်ဝန်းကျင်ရဲ့ဖိအားကြောင့် ကိုယ့်ရဲ့ယုံကြည်ချက် ပြောင်းလဲရမယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ကိုယ့်ရဲ့စိတ်ထဲမှာ ယုံကြည်နေမိတဲ့အချက်ကို ပြောင်းလဲဖို့ဆိုတာ မလွယ်ကူပါဘူး။အရမ်းခက်ခဲပါတယ်။ကိုယ့်ကိုကိုယ် အမှန်၊အမှား သတ်မှတ်နိုင်တဲ့အချိန်ကျမှသာ ယုံကြည်ချက် ပြောင်းလဲသွားနိုင်တာပါ။

 

ကိုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်လေးတစ်ခုကို ပြန်ပြောပြမယ်။သိပ်မကြာသေးတဲ့အချိန်တုန်း က မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ မော်ဒယ်လ်နန်းခင်ဇေယျ နိုင်ငံတကာ ပြိုင်ပွဲဝင်ခဲ့တယ် ဆိုတာ ညီလေး သိမယ်ထင်ပါတယ်။နိုင်ငံတကာပြိုင်ပွဲအနေနဲ့ ရေကူးဝတ်စုံ ၀တ်ပြီးတော့ ယှဉ်ပြိုင်ရပါတယ်။ဒီလိုယှဉ်ပြိုင်မှုကို ကိုကို ခါးခါးသီးသီး ကန့်ကွက်ခဲ့တယ်။ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။ကိုကိုရဲ့ယုံကြည်ချက်က ဒီလိုပြိုင်ပွဲ ၀င်ရုံနဲ့ ငါတို့နိုင်ငံ ဘာပြောင်းလဲသွားမှာလဲ။အခုလို ၀တ်စားဆင်ယင်တာကို တရားဝင်အနေနဲ့ ခွင့်ပြုလိုက်မယ်၊လက်ခံလိုက်မယ် ဆိုရင် နှစ်ပေါင်းများစွာထိန်းသိမ်းခဲ့ရတဲ့ ငါတို့ မြန်မာနိုင်ငံရဲ့အမျိုးသားယဉ်ကျေးမှု မြောင်းထဲရောက်သွားမှာပေါ့ လို့ ယူဆခဲ့တယ်။ကိုကို အရင်စာ တုန်းက ရေးခဲ့သလို ငါ သင်ခဲ့ရတဲ့ သမိုင်း မ အစေရဘူးလို့ ခံယူခဲ့တယ်။

 

ကိုကို ဒီလိုလုပ်လိုက်တော့ ပထမဆုံး ကိုကို့ကို ၀ိုင်းပြီးအပြစ်တင်ဝေဖန်တာခံရတယ်။အွန်လိုင်း ပေါ်မှာတင်မကပဲ အပြင်လောက သူငယ်ချင်းမိတ်ဆွေတွေကိုယ်တိုင် ကိုကို့ကို ခံယူချက် သိပ်မပြင်းဖို့ ၀ိုင်းပြောကြတယ်။သူတို့ ကိုကို့ကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ဒါပေမယ့် အထီးကျန်ဘ၀ ဖြစ်အောင်တော့လုပ်နိုင်တယ်ဗျ။သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ကိုကိုတစ်ယောက်တည်း ငုတ်တုတ်ထိုင်နေရသလို ဖြစ်လာတယ်။သူတို့နဲ့ စကားမပြောလို့လား ဆိုတော့ မဟုတ်ပါဘူး။ပြောပါတယ်။ပြောနေရပေမယ့် တစ်သားတည်းမဖြစ်သလိုတော့ ခံစားရတယ်။ဒါပေမယ့် ကိုကို စာအုပ်တွေဖတ်ထားတာပဲလေ။ပြန် မာန်တင်းတာပေါ့။ပတ်ဝန်းကျင် ရိုက်ခတ်မှုကြောင့် ငါ့ရဲ့အယူအဆ လက်လျှော့အရှုံးပေးရမှာလား။ဘယ်တော့မှအရှုံးမပေးဘူး။သေတဲ့အထိ မြန်မာ့ယဉ်ကျေးမှု မပျက်စီးဖို့ ကြိုးစားမယ်။အဲဒီလိုကြိုးစားတဲ့နေရာမှာ ဘာလုပ်ရ၊လုပ်ရ လုပ်မယ် လို့ အားလုံးရှေ့မှာ ကြွေးကြော်ခဲ့တယ်။

 

အဲဒီ ကြွေးကြော်မှု က လေ အနေနဲ့ထွက်လာပြီး လေ အနေနဲ့ပဲ ပြန်ပျောက်ကွယ်သွားပါတယ်။ကိုကို က လက်ရှိအခြေအနေကိုမှ ထည့်မတွက်ခဲ့တာ။ကိုကိုရဲ့စွမ်းအား ဘယ်အတိုင်းအတာထိ သက်ရောက်မှုရှိသလဲ ဆိုတာကိုလည်းပဲ ကြိုမစဉ်းစားခဲ့ပါဘူး။ဒီတော့  “ဘယ်က စလုပ်မလဲ၊ဘယ်လိုလုပ်မလဲ၊ဘယ်လိုအဆုံးသတ်မလဲ၊ဘယ်လိုအကျိုးကျေးဇူးရနိုင်မှာလဲ။မျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင်ကော ဘယ်လိုဆက်လုပ်မလဲ….” ဆိုတဲ့မေးခွန်းတွေ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ဖြစ်ခဲ့တယ်။ရလာတဲ့အဖြေက “ဘယ်ကစလုပ်မလဲ – အနီးပတ်ဝန်းကျင်ကနေပဲ စလုပ်လို့ရပါလိမ့်မယ်။ဘယ်လိုလုပ်မလဲ-မြန်မာယဉ်ကျေးမှု ကို ချစ်တတ်လာအောင် လုပ်ရမှာပေါ့။ဘယ်လိုအဆုံးသတ်မလဲ-အဆုံးမရှိလောက်ပါဘူး။ဘာလို့လဲဆိုတော့ ကိုကို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ ပင်ကိုယ်ဓာတ်ခံနဲ့သက်ဆိုင်နေလို့ပါ။ဘယ်လိုအကျိုးကျေးဇူးရနိုင်မလဲ-ပြောမပြတတ်လောက်အောင် လို့ သတ်မှတ်ခဲ့မိတယ်။မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင်ကော ဘာဆက်လုပ်မလဲ-ထိုင်ငိုချင်စိတ် ပေါက်သွားခဲ့ပါတယ်။အဲဒီမေးခွန်းအတွက် ကိုကို့မှာ အဖြေမရှိခဲ့ဘူး။စိတ်ထဲမှာ လွန်ဆွဲနေတယ်။ရေလိုက်ငါးလိုက်နေမှာလား….ဖတ်ထားတဲ့စာအုပ်တွေအရလည်း ယဉ်ကျေးမှုကို မြတ်နိုးနေရမယ်ဆိုတာ သိနေတယ်။ဒါပေမယ့် လက်ရှိအနေအထားအရလည်း နိုင်ငံခြားယဉ်ကျေးမှုတွေ လွှမ်းမိုးနေပြီး အားလုံးလိုလို အတို၊အကပ်၊အထောင်၊အဖော် တွေဖြစ်ကုန်ကြပြီ။ကိုကို့အတွက် ငါ ဘာလုပ်နိုင်မလဲ ဆိုတဲ့မေးခွန်းနဲ့ပဲ အဆုံးသတ်လိုက်ရတော့တယ်။

 

ကဲ…ညီလေး။စာအုပ်တွေအများကြီးဖတ်ထားတဲ့အတွက် အများကို ဆန့်ကျင်ချင်တဲ့စိတ် ကိုကို ဖြစ်ခဲ့ဘူးတယ်။လက်ရှိအနေအထား ကို လက်ခံနိုင်စွမ်းမရှိလောက်အောင် ဒေါသဖြစ်ခဲ့ဘူးတယ်။ကိုကို့ဆရာတစ်ယောက်ရဲ့စကား ကို ပြန်ကြားမိတယ်။“ဖြစ်ချင်တိုင်း ဖြစ်လာချင်မှဖြစ်လာလိမ့်မယ်။၁၀၀ % မအောင်မြင်ပေမယ့် ၇၅% အောင်မြင်ရင်တောင် ကျေနပ်လိုက်ပါ”။အခုချိန်မှာတော့ အကုန်လုံးက အနည်ထိုင်နေသလိုဖြစ်နေပါပြီ။ဒါပေမယ့် အနည်မထိုင်ခဲ့ချိန်ကာလကတော့ ကိုကိုအတွက် ဖြတ်သန်းဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ဒီတော့ ကိုကို့ညီလေး ကိုတော့ ကိုကို့လိုအဖြစ်မျိုး မဖြစ်စေချင်ဘူး။ညီလေး အနေနဲ့ ကိုယ့်ဆီမှာရှိနေတဲ့ အရည်အချင်းတွေအားလုံးကို ထုတ်မပြပါနဲ့။တတ်နိုင်သရွေ့ သိမ်းထားပါ။အရေးကြုံလာခဲ့ရင်လည်း စ၊လယ်၊ဆုံး ခြုံငုံပြီးတော့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ခေါင်းအေးအေးနဲ့စဉ်းစား။ဒေါသ ထွက်နေနိုင်ပေမယ့် ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်soနိုင်တဲ့သူတစ်ယောက်ဖြစ်နိုင်ပါစေ။လုပ်ကိုလုပ်ရမယ့် အနေအထားဆိုရင်လည်း လူအားလုံးရဲ့ခံစားချက်ကို အရင်ကြည့်ပါ။ကိုယ့်ခံစားချက် ကို ရှေ့တန်းမတင်ပါနဲ့။ဖြစ်ချင်နေပေမယ့် အစွန်းမရောက်စေပါနဲ့။အိုခေ…ဒီလောက်ဆို မင်း သဘောပေါက်လောက်ပါပြီ။

 

ကိုယ့်ကိုကိုယ် ပြည့်အောင်ဖြည့်၊ပြီးမှ ခေါင်းဆောင်နိုင်စွမ်းရှိဖို့ကြိုးစား။

 

မင်းရဲ့ကိုပိုင်

ခေတ္တ-ရန်ကုန်မြို့။