ညီလေး ဖတ်ဖို့ (၆) …… ဘာသာပြန်စာအုပ်အချို့ အကြောင်း

ညီလေး ရေ……….

သာမန်ဝတ္ထုတို၊၀တ္ထုရှည်၊ဆောင်းပါးတွေကိုတောင် အဖတ်နည်းတဲ့ မင်း အတွက် ဘာသာပြန်စာအုပ်တွေကို မထိဖြစ်မှာ သေချာပါတယ်။ဘာသာပြန်စာအုပ်အများစု က ရှည်တယ်။မှတ်စရာ နာမည်တွေများတယ်.. :)။နောက်ပြီး ကိုယ်နဲ့ မရင်းနှီးသေးတဲ့နေရာတွေ၊စရိုက်သဘာဝတွေကို ဖွဲ့နွဲ့ပြီးရေးထားတဲ့အတွက် ဖတ်ဖို့ အရမ်းပျင်းပါတယ်။ကိုကို လည်း ဘာသာပြန်စာအုပ်တွေ ဖတ်ရမှာ ကြောက်ခဲ့ဘူးတယ်ကွ။ကိုကို ဘာသာပြန်တွေကို ဖတ်ရမှာလန့်ခဲ့ပေမယ့် ဘာသာပြန်စာအုပ် ဆိုတာကိုတော့ (၃) တန်း အရွယ်မှ စပြီး ထိတွေ့ခွင့်ရခဲ့ပါတယ်။

မင်း မယုံကြည်လောက်ဘူး ထင်တယ်။မယုံရင် မေမေ့ဆီ သွားမေးဖို့ အကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ (၃) တန်းအရွယ်ကလေးတစ်ယောက်က ဘာသာပြန်စာအုပ်ထဲက စကားလုံးအချို့ကို သုံးပြီး လူကြီးတွေရှေ့မှာ စကားကြီးစကားကျယ် ပြောခဲ့တာကို မေမေ အခုထိ ရယ်စရာအဖြစ် ပြန်ပြောပြတတ်လို့ပါ။ကိုကို  ဖတ်ခဲ့တဲ့ဘာသာပြန်စာအုပ်က ဆရာထိန်လင်း ဘာသာပြန်တဲ့ “ပေါ်လီယာနာ” စာအုပ်ပါ။(၃) တန်းအရွယ်ဆိုတော့ ဖတ်သာ ဖတ်တယ် ဘာမှနားမလည်ဘူး။ဒါပေမယ့် ကိုကို တစ်ခုတော့သိတယ်။ပေါ်လီယာနာ ဆိုတဲ့ကောင်မလေးက အရာရာတိုင်းကို ၀မ်းသာစရာအဖြစ် ပြောင်းလဲပစ်နိုင်တယ်ဆိုတာပေါ့။ကိုကို သိတဲ့အဲဒီအချက်ကို ပိုင်ပိုင်နိုင်နိုင်ပဲ လက်တွေ့အသုံးချခဲ့ပါတယ်။မင်း မှတ်မိအုန်းမလားတော့မသိဘူး။ကိုကိုတို့ မုံရွာ GTI ကျောင်းဝင်းထဲမှာနေတုန်းက ဘေးအိမ်က ကောင်မလေး – မမဖြိုးဖြိုး လို့မင်းခေါ်တဲ့ အမလေ။ကိုကို နဲ့ရွယ်တူ။

(၃) တန်း လူရည်ချွန်စာမေးပွဲမှာ အဲဒီဖြိုးဖြိုးက ဒုတိယ။နောက်ထပ် ပွင့်ဖြူအောင် ဆိုတဲ့ ကောင်မလေးက ပထမ။ကိုကို က တတိယပေါ့။ဆရာမ က ပ၊ဒု၊တ ကို ဒိုင်းဆုလေးတွေ ဆုပေးပွဲမှာ ချီးမြှင့်တယ်။ကိုကို က တတိယဆိုတော့ ဒိုင်းဆု သုံးခု ထဲမှာ ကိုကို့ဒိုင်း လေးက အသေးဆုံးပေါ့။ဒါပေမယ့် အဲဒီဒိုင်းဆုသေးသေးလေးကို မြှောက်ပြီး တစ်ကျောင်းလုံးကို ကိုကို ပတ်ပြေးတယ်။တွေ့တဲ့သူငယ်ချင်းတိုင်းကိုလည်း “ငါ့လို ဒိုင်းဆုရရဲ့လား” လို့ မေးတယ်။အဲဒီမှာ မေမေ က ကိုကို့ကို လှမ်းခေါ်တယ်။ကိုကို မေမေ့နားရောက်သွားတော့ မေမေက ကိုကို့ကို ပြောတယ်။“သား…မင်းရတာ တတိယ ဆု၊မင်းရှေ့မှာ ပထမ၊ဒုတိယ ရှိတယ်။ဒီတော့ နောက်ဆုံးပိတ် တတိယဆုရတာလေးကို မင်း ပျော်နေတာ မရှက်ဘူးလား” တဲ့။ကိုကို့ကို မေမေ မေးနေတဲ့အချိန်မှာ အနားမှာ ဖေဖေကော ကျောင်းအုပ်ဆရာကြီးကော၊ဆရာမတွေကော ရှိပါတယ်။

ကိုကို ပြန်ဖြေလိုက်တယ်။“မေမေ……အခု သား လိုတောင် တတိယဆုမရတဲ့သူတွေရှိတယ်လေ။သူတို့ထက်စာရင် သားကတော်နေသေးတဲ့အတွက်  သား ၀မ်းသာရမှာပေါ့” လို့။ဒီအကြောင်းကို မေမေ ခဏခဏ လူကြားထဲမှာ ပြန်ပြောပြတတ်တယ်။ကလေးဘ၀ထဲက ပေါ်လီယာနာ ရဲ့ ၀မ်းသာတမ်းကစားနည်း ကို ကစားဖြစ်ခဲ့တဲ့ ကိုကို က အတန်းတွေကြီးလာတဲ့အချိန်မှာ ပြိုင်ဆိုင်ချင်စိတ် လုံးဝမရှိတော့တာကတော့ ကောင်းသလား၊ဆိုးသလားဆိုတာတောင် ကိုကို မခွဲခြားတတ်တော့ပါဘူး။ဘာပဲဖြစ်ဖြစ် ဘာသာပြန်စာအုပ်ထဲက ပေါ်လီယာနာ ကိုတော့ ကိုကို အရမ်းချစ်ခဲ့ပါတယ်။မင်းကို ယုံမလား လို့ထပ်မေးရင်း နောက်ထပ် တစ်ခုပြောချင်တယ်။ကိုကို ပေါ်လီယာနာစာအုပ်ကို ဖတ်တဲ့အကြိမ်အရေအတွက် က အခု ကိုကိုရဲ့အသက်နဲ့အမျှ ရှိပြီ။၁၇ ခေါက်ပေါ့။ဒီထက်တောင်များရင်များမှာပါ။ကိုကို ပေါ်လီယာနာစာအုပ်ကို တစ်နှစ်ကို တစ်ခေါက်တော့အမြဲလိုလို ဖတ်ဖြစ်တယ်။အဲ…….၁၀ တန်းနှစ်တုန်းကတော့ မဖတ်ရဘူးကွ။ဒါပေမယ့် တက္ကသိုလ်တက်မှ အဆောင်က သူငယ်ချင်းတစ်ယောက်အခန်းထဲမှာ ပေါ်လီယာနာစာအုပ်တွေ့လို့ ငှားသလို နဲ့ အပိုင်ယူထားတာ စာမေးပွဲဖြေပြီးမှပဲ ပြန်ပေးဖြစ်တယ် 🙂 ။ကိုကို စိတ်ဓာတ်ကျနေတဲ့အခါတိုင်း မျက်နှာမှာ မှဲ့ခြောက်လေးတွေနဲ့ ပေါ်လီယာနာ ဆိုတဲ့ကောင်မလေးတစ်ယောက် ကိုကို့ဘေးနား အမြဲလိုလို ရောက်လာတယ်လို့ ယုံကြည်မိပါတယ်။

ကိုကို အတွက် နောက်ထပ်အမှတ်တရ စာအုပ်။ဒုတိယ ထိတွေ့ဖြစ်တဲ့ဘာသာပြန်စာအုပ် “အိပ်ဇိုးဒပ်” ။ဆရာမောင်မိုးသူ ဘာသာပြန်တာထင်တယ်။ဒီစာအုပ်ကိုတော့ ကိုကို ခဏခဏ မဖတ်ဖြစ်ဘူးကွ။ဒါပေမယ့် ဒီစာအုပ်ကို ဖတ်ပြီးတဲ့အချိန်မှာတော့ဘာသာပြန်စာအုပ်တွေကို ကြောက်တဲ့စိတ် လျှော့သွားတာ အမှန်ပဲ။ဒါကြောင့် အမှတ်တရ ဖြစ်စေတဲ့စာအုပ်လို့ ကိုကို ပြောခဲ့တာ။ဒီစာအုပ် က နှစ်အုပ်တွဲ ဆိုတော့ စာအုပ်စင်ပေါ်ကနေ စတွေ့တုန်းက ဖတ်ဖို့ နဲနဲတွန့်တယ်ကွ။ဒါပေမယ့် စာအုပ်ကြားထဲမှာ ညှပ်ထားတဲ့စာရွက်လေးထဲက ဖေဖေ့မှတ်ချက်စကားကြောင့် ကိုကို ဖတ်ဖြစ်ခဲ့တာ။“ရန်သူနိုင်ငံကြားအလယ် မားမားရပ်တည်နေနိုင်ခဲ့သော အစ္စရေးနိုင်ငံရဲ့သမိုင်းကို အားကျကြည်နူးလွန်းလို့ အပိုင်ဝယ်ထားလိုက်တာ” တဲ့။ကိုကို ဖေဖေ ဘာကြောင့် အားကျတာလဲ။ဖေဖေ ဘာကြောင့် ကြည်နူးတာလဲ သိချင်ခဲ့တယ်။အဲဒီသိချင်စိတ်တွေနဲ့ပဲ ကိုကို ပြီးအောင်ဖတ်ဖြစ်ခဲ့တယ်။နောက်ပြီး အဲဒီစာအုပ်ကို  ၂၀၀၇ စက်တင်ဘာလ တစ်လအတွင်း အပြီးဖတ်နိုင်ခဲ့တယ်။ဘာကြောင့် လုံးဝ အတိအကျ သေသေချာချာမှတ်မိနေတာလဲဆိုတော့ အစ္စရေးနိုင်ငံ လိုပဲ ငါတို့နိုင်ငံအတွင်းမှာလဲ အခက်အခဲတွေရင်ဆိုင်နေ၇တာပါလား ဆိုတဲ့ ဖြစ်ပျက်နေတဲ့ အရေးအခင်းနဲ့ စာအုပ်ထဲက အကြောင်းအရာ ဆက်စပ်ပြီး တွေးတတ်ခဲ့လို့။“အိပ်ဇိုးဒပ်”စာအုပ်ကလည်း ကိုကို့ ဘ၀ရဲ့အစိတ်အပိုင်းအချို့ကို ဖန်တီးစေခဲ့ပါတယ်။လုပ်ချင်တာတစ်ခုအတွက် ဘာကိုမှ မမြင်တတ်တော့တဲ့အကျင့်၊မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့အကျင့်တွေက အစ္စရေးနိုင်ငံသားတွေကနေ ကိုကို့ဆီ ကူးစက်စေခဲ့တယ်လို့ထင်တယ်။

အဲဒီအချိန် ကိုကို (၇) တန်း။၈၊၉၊၁၀ တန်းတွေမှာ ကိုကို ဘာသာပြန်တွေသိပ်မဖတ်ဖြစ်တော့ဘူး။အိမ်မှာနေတုန်းက ဘာသာပြန်စာအုပ်၊ဘုရားစာအုပ်ကလွဲရင် ကျန်တဲ့စာအုပ်တွေအကုန် ကိုကို ဖတ်ပြီးသားတွေဆိုတော့ ပျင်းရင်း အသစ်လိုဖြစ်နေတဲ့ ဘာသာပြန်တွေ လှန်ဖြစ်သေးတယ်။အခုလို အဝေးမှာကျောင်းသွားတက်နေရတော့၊နောက်ပြီး ကိုကို နေခဲ့တဲ့ နေသာစာကြည့်တိုက်ထဲမှာ ကိုကို မဖတ်ဘူးသေးတဲ့ ၀တ္ထု၊ဆောင်းပါး၊သမိုင်း အများများကြီးပဲရှိနေတော့ ဘာသာပြန်စာအုပ် လုံးဝနီးပါးကို မဖတ်ဖြစ်တော့တာပါ။ဘာသာပြန်စာအုပ်ကို ပြန်ပြီး ထိတွေ့ဖြစ်တာ ရန်ကုန်မှာနေ နေရတဲ့ အခု လက်ရှိလတ်တလောအချိန်။ဒါလဲ ဖတ်ချင်လို့စဖတ်ဖြစ်တာမဟုတ်ဘူး။ဖတ်စရာစာအုပ် လုံးဝကို မရှိတော့လို့။ရန်ကုန်မှာ ပထမဆုံး စဖတ်ဖြစ်တဲ့စာအုပ်က ဆရာနေ၀င်းမြင့်ဘာသာပြန်တဲ့ “ရေကန်သာ ကြာတိုင်းအေး” ။အိန္ဒိယအမျိုးသားတစ်ယောက် ကို ဇာတ်လိုက်ထားပြီးရေးထားတော့ ကိုယ်နဲ့မရင်းနှီးသေးတဲ့ အနေအထားဆိုတော့ အခုထိ ပြီးအောင်မဖတ်ဖြစ်ဘူး။တ၀က်တပျက်နဲ့ရပ်ထားလိုက်တယ်။

ဒုတိယ က အိုဘားမားရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ကို ဆရာနိုင်နိုင်ဇော် ဘာသာပြန်ထားတာ။အဲဒါလည်း တစ်ဝက်တစ်ပျက်ပဲ။အခုတော့ ပြန်ဖတ်ကြည့်ဦးမယ် စိတ်ကူးထားတယ်။အမေရိကန်နိုင်ငံရဲ့ ဒုတိယအကြိမ် သမ္မတရာထူး ပြန်လည်ဆက်ခံနိုင်တဲ့လူတစ်ယောက်အကြောင်းကိုတော့ စိတ်ဝင်စားသင့်နေပြီလေ။“အိုဘားမား” စာအုပ်နဲ့ တွဲဖတ်ဖို့စိတ်ကူးထားတာက James Q.Wilson ရေးတဲ့ American Government ကို ဆရာမရွှေကူမေနှင်း ဘာသာပြန်ထားတာ။ရည်ရွယ်ထားတာကတော့ အမေရိကန်နိုင်ငံကြီးရဲ့ဒီမိုကရေစီ စနစ် ကို အသေအချာ ကျကျနန လေ့လာမယ်ပေါ့ကွာ… 🙂 ။ ဖတ်ရင်းနဲ့တော့ အသေအချာ မျက်စိလည်နေပြီ။James Q.Wilson ရေးထားတဲ့ အမေရိကန်ဒီမိုကရေစီ စနစ်အကြောင်းမှာ အကုန်လုံး အကောင်းချည်းပဲ။အားကျစရာ……မက်မောစရာကြီးတွေပဲပေါ့။အိုဘားမားရေးထားတဲ့အထဲမှာတော့ ဒီမိုကရေတစ် နဲ့ ရီပတ်ဘလီကန် ရန်ဖြစ်နေတဲ့အကြောင်းချည်းပဲ။အင်းလေ….အတွင်းရေး တွေ ထိ ရောက်သွားလို့နေမှာပေါ့…ဟုတ်လား။

စ စချင်း တို့လိုက်တဲ့ဘာသာပြန်စာအုပ်တွေက အကြီးကြီးတွေ ဆိုတော့ ဘာမှနားမလည်။စိတ်ဓာတ် ကျ။ဖတ်စရာမရှိတော့ လည်း ဒါတွေပဲ ပြန်ကိုင်ကြည့်။လန့်လို့ ပြန်ပစ်ချလိုက်ရပြန်။ချာလပတ်ကို ရမ်းလို့ ငါ့ညီရာ။အဲဒါနဲ့ အွန်လိုင်းပေါ်က ရင်းနှီးနေတဲ့ ရန်ကုန်က အမတစ်ယောက်ဆီကို စာအုပ်ငှားကြည့်တယ်။သူက စာရေးဆရာမ လေ။မရေးဖြစ်တော့ဘူးလို့ တော့ပြောပါရဲ့။သူ့ရဲ့ ကဗျာတစ်ပုဒ်တောင် ကိုကို ဆီမှာ ရှိတယ်။အမှတ်တရ အနေနဲ့  ကိုကို့ သိမ်းထားဖြစ်တယ်။ရေးထားတဲ့ ကဗျာက အချစ်အကြောင်းကွ။(ဟဲ…ဟဲ စာရေးဆရာ၊ဆရာမတွေလည်း ငယ်ငယ်တုန်းက အချစ်နဲ့မကင်းခဲ့ကြပါဘူးကွာ…သေချာအောင် မင်း မုံရွာ မှာရှိနေတဲ့ ဆရာဝေမိုးနိုင်(မုံရွာ) ကို မေးကြည့်…)အကုန်လုံးတော့ ကိုကို အလွတ်မရဘူးကွာ။မင်း စိတ်ဝင်စားလို့ ဖတ်ချင်တယ်ဆိုရင် နောက်စာတွေထဲမှာ ပြန်ရှာပြီး ထည့်ပေးမယ်… 🙂 ။အဲ..စကားတွေတောင် ဘယ်ရောက်ကုန်လဲမသိ။သူ့ဆီငှားပြန်တော့လည်း အမချော က ဘာသာပြန်စာအုပ်ဖတ်မလား တဲ့။ကဲ…….ကျားကြောက်လို့ ရှင်ကြီး ကိုး။ရှင်ကြီး က ကျားထက်ဆိုး ဆိုတာ ဒါပါလားဗျို့ လို့တောင် အော်ပစ်ချင်လိုက်တာကွာ။ဒါပေမယ့် ကိုကို့စိတ်ထဲမှာတော့ တစ်မျိုးဖြစ်သွားတယ်။စာရေးဆရာမ တစ်ယောက်အနေနဲ့ ဘာသာပြန် ဖတ်တယ်ဆိုတော့ သေချာတယ် ဒီဘာသာပြန်ထဲကနေ သူ တစ်ခုခုရလို့ပဲ။နောက်ပြီး သူက စာရေးဆရာကွာ။အဲဒီတော့ ဘာဖြစ်ဖြစ် သူ တောင် ဖတ်နေတော့ ငါလည်း ဖတ်သင့်တယ်လို့ပေါ့။

ဖေဖေ ဆီမှာ ပုံးအဖြူလေးထဲမှာ  ထည့်ထားတဲ့တစ်ခြားဘာသာပြန်စာအုပ်တွေရှိသေးတယ်ကွ။ကိုကိုက အပြင်မှာတွေ့နေတဲ့ (၃)(၄) အုပ်နဲ့တောင် တိုင်ပတ်နေတော့ ပုံးအဖြူကို မလှန်ရဲဘူးဖြစ်နေတာ။ပုံးအဖြူထဲက ပထမဆုံး ကိုကို ထုတ်ဖတ်ဖြစ်တဲ့ စာအုပ်က “လင်းယုန်တို့ရဲ့အောင်ပွဲ” မောင်မိုးသူ ဘာသာပြန်တာ။ငယ်ငယ်တုန်းက ဖတ်ဘူးပြီးသား စာအုပ်တစ်အုပ် ပါ။ဒါပေမယ့် ပြန်ဖတ်တဲ့အခါကျတော့ အရသာချင်း မတူတော့ဘူးကွ။ဟိုးငယ်ငယ်တုန်းက ဖတ်တုန်းက နာမည်တွေက ရှုပ်လိုက်တာ လို့ထင်ခဲ့ပေမယ့်အခုကျ ပေါ့ပေါ့ပါးပါး နဲ့ အကြောင်းအရာ အရေးအသား ဘက်ကို အာရုံစိုက်နိုင်လာတာကို ကိုကို ခံစားလိုက်ရတယ်။အမေရိကန်ကုမ္မဏီတစ်ခုက အလုပ်လုပ်နေတဲ့ ၀န်ထမ်းအမေရိကန်သားတွေ အီရန်နိုင်ငံက အရှုပ်အရှင်းတွေကြောင့် ပြန်လာလို့ မရနိုင်တဲ့အခြေအနေမှာ ကုမ္မဏီပိုင်ရှင်သူဌေးတစ်ယောက်အနေနဲ့ ငွေအား၊လူအား အကုန်သုံးပြီး အမေရိကန်နိုင်ငံကို ပြန်လာနိုင်ဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို ဇာတ်လမ်းဆင်ရေးဖွဲ့ထားတာပါ။အသေးစိတ် ပြောစေချင်သေးလား…..သေတောင် မပြောဘူး ငါ့ညီရေ။မင်း မှာ ကိုပိုင် ပြောမှပဲ သိရတော့တယ် ဆိုတဲ့အဖြစ် ငါ လုံးဝ အဖြစ်မခံနိုင်ဘူး။သိချင်ရင် ကိုယ့်ဘာသာကိုယ် စာမေးပွဲပြီးရင် ရှာဖတ်။စာရေးဆရာကော စာအုပ်နာမည်ကော ပြောပြီးပြီ။အိမ်မှာလည်း ရှိနေပြီးသား။အိုခေ….ဟုတ်ပြီနော်။ဒါဆို နောက်ထပ် စာအုပ်တစ်အုပ်အကြောင်း ဆက်ပြောကြမယ်။

ဟေ့…ပျင်းနေပြီလား။ကျနော် ခင်ဗျားကို ပြောချင်တဲ့အကြောင်းအရာတွေက အရမ်းများနေတယ် ညီလေးရဲ့။တခါတလေ ကျနော့်ကိုယ် ကျနော်တောင် ဘာရေးလို့ရေးရမှန်း မသိတော့ဘူး။ပြောချင်တာတွေများလွန်းနေတော့ ဟိုဟာလဲပြောချင် ဒီဟာလဲပြောချင်၊ ဟိုဟာရေးနေတုန်း ဒီဟာ ပါ၊ဒီဟာရေးနေတုန်း ဟိုဟာ ၀င်ပါ နဲ့။ဒီတော့ မင်း ကိုကို့ရေးနေတာတွေကို သည်းခံပြီး ဖတ်ပေးကွာ။နောက်စာအုပ်တစ်အုပ်က “ဦးလည်မသုန်” မုံရွာသား စာရေးဆရာ မောင်ရဲခိုင် ဘာသာပြန်တာ။အမှန်အတိုင်း ဒီစာအုပ်ကို ဖတ်ဖြစ်တာ ဆရာ မုံရွာသားဖြစ်နေလို့ ပါ။မုံရွာသားစာရေးဆရာတစ်ယောက် ဘာသာပြန်ထားတဲ့စာအုပ်ကို တစ်ခြားစာအုပ်တွေထက် ကိုကို ပိုပြီး စိတ်ဝင်စားမိတယ်။ဒုတိယကမ္ဘာစစ်မှာ ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့တဲ့ သူလျှို တစ်ယောက်ရဲ့ဘ၀အကြောင်း ရေးထားတာပါ။ဇာတ်လိုက် “ခရစ္စတိုဖာ” သူလျှိုစလုပ်ခဲ့ရတဲ့အချိန်က ကိုကိုတို့လို ကျောင်းသားအရွယ်ပဲရှိပါသေးတယ်။ဒါကြောင့် “ကမ္ဘာမီးလောင် သားကောင်ချနင်းခံခဲ့ရ တယ်” လို့ ပြောရမှာလား။“တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားခဲ့ရတယ်” လို့ပဲ ယူဆလိုက်ရတော့မလား ကိုကို မခွဲခြားတတ်ပေမယ့် လူငယ်တစ်ယောက်ရဲ့ပြတ်သားရဲရင့်တဲ့စိတ်ခွန်အားတစ်ခုကိုတော့ ဇာတ်လိုက်ဆီမှာ ရှာတွေ့ခဲ့ပါတယ်။ရင်ဆိုင်လာရတဲ့အခြေအနေတစ်ခုမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ ခရစ္စတိုဖာက ကိုကို့ကို အကြံပေးခဲ့တယ်။

ညီလေး အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ဘာသာပြန်တွေကိုလည်း စဖတ်စေချင်ပါပြီ။ပထမဆုံးဖတ်တဲ့အကြိမ်မှာ သေချာပေါက်ကြုံရမှာတော့ နာမည်တွေ ပဲ။ကိုယ်နဲ့မရင်းနှီးတဲ့အခေါ်အဝေါ်ဆိုတော့ မေ့လွယ်ပါတယ်။အဲဒီအတွက် ကိုကို အကြံပေးချင်တာကတော့ စာရွက်အလွတ်နဲ့ဘောပင် ဘေးနားမှာ ထားထားလိုက်ပါ။ဖတ်နေရင်း နာမည်တစ်ခုတွေ့လာပြီ ဆိုရင် နာမည်၊အလုပ်၊ထူးခြားချက်တစ်ခုခုကို စာရွက်ပေါ် ချရေးမှတ်ထားလိုက်။နောက်တစ်နေရာရာမှာ အဲဒီနာမည်တွေ့တဲ့အခါ ဘယ်သူ၊ဘယ်ဝါ ဆိုတာ စာရွက်ကို ပြန်ကြည့်လိုက်ရင် သိသွားပြီလေ။ဖတ်ပါများလာရင် အဲဒီလို လုပ်စရာလိုတော့မှာမဟုတ်ပါဘူး။အစပိုင်းလောက်မှာသာ မင်း အခက်အခဲတွေ့ရမှာ။ဒါကတော့ ထုံးစံပါပဲ။ဘယ်နေရာ၊ဘယ်အလုပ်ဖြစ်ဖြစ် အစပျိုးချိန်တော့ အခက်အခဲရှိကိုရှိကြတာချည်းပဲ။ကိုကို မင်းကို မှာလေ့ရှိတဲ့အတိုင်း ဖတ်လိုက်တဲ့စာအုပ်ကနေတော့ တစ်ခုခု ရအောင်ယူနိုင်ဖို့ ကြိုးစားစေချင်ပါတယ်။

ညီလေးအတွက် နိုင်ငံခြားစာပေ တို့ဆီမှ ရသ၊ဗဟုသုတ၊အသိပညာ တို့ကို ခံစားပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းရင်း…….

မင်းရဲ့ ကိုပိုင်

ခေတ္တ – ရန်ကုန်မြို့။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s