ညီလေးဖတ်ဖို့ (၅)

ညီလေးရေ……..

ကျောင်းသားသမဂ္ဂရဲ့အလုပ်တွေကြားထဲမှာပဲ စိတ်ရောက်နေမိတော့ ညီလေးဆီ စာမရေးဖြစ်တာတောင် အတော်ကြာသွားပြီ။ညီလေး ကိုကို့ဆီကနေ တောင်းထားတဲ့ ရင်ထိုး ကိုကို အိမ်ပြန်လာရင် ပါလာလိမ့်မယ်။အဲဒီတုန်းကလဲလေ…ကိုကို မင်းကို အရမ်းရယ်ချင်တာပဲ။လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သတ်ပြီး မုံရွာကျောင်းသားသမဂ္ဂရဲ့လှုပ်ရှားမှုအရှိန်အဟုန်က တက်ကြွနေတော့ သမဂ္ဂအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတဲ့ မင်းအကို ကို မင်း စပြီးအထင်ကြီးလာတယ်ထင်တယ်။(သေချာတာတစ်ခုက ငါ့ဘ၀မှာ ဒါ ပထမဆုံးသော မင်း လေးစားမှု ရလိုက်တဲ့အချိန်ပါ။)မင်း ကိုကို့နားကပ်လာပြီးတော့ သမဂ္ဂရင်ထိုးတစ်ခု တောင်းတယ်။မင်းအထင်က ဒီရင်ထိုးတပ်လိုက်တာနဲ့ သမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သွားပြီ လို့နေမှာပေါ့။မဟုတ်ဘူး ညီလေးရဲ့။ကျောင်းသားသမဂ္ဂဆိုတာ သမိုင်းနဲ့ချီပြီးတော့ ရှိခဲ့၊ဖြစ်ခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်းကြီး တစ်ခု။စည်းကမ်း ဆိုတာ အလိုအလျောက်ရှိလာပြီးသားလေ။သမဂ္ဂအဖွဲ့ဝင်ဖို့အတွက် မင်းထင်သလို ရင်ထိုးလေး တပ်လိုက်ရုံနဲ့ဖြစ်လာမှာမဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ်ပါ။ကိုကို့ညီလေး ဆီမှာ တက်ကြွတဲ့စိတ်ဓာတ် ရှိတဲ့အတွက် ကိုကို အရမ်းပျော်ပါတယ်။ကိုကိုတို့ညီအကိုဆီမှာ အဖေတို့အမေတို့ဆီက သွေးတွေ စီးဆင်းနေတယ်လေ။၂၀၀၇ စက်တင်ဘာတစ်လ လုံး ကိုကိုတို့​ အမေ့ပါးပေါ်မှာ သနပ်ခါးဆိုတာ မမြင်ခဲ့ရဘူး။အဲဒီအချိန်တုန်းက မင်းတို့ကိုကိုတို့ ဘယ်အရွယ်ရှိအုန်းမှာလဲ။ကိုကို က ၇ တန်း၊မင်းက ၅ တန်း။ဒါပေမယ့် ကိုကို့စိတ်ထဲမှာတော့ အမေ ငိုအောင်လုပ်တဲ့သူတွေက မကောင်းလို့ပဲ ဆိုတာ အခုထိ အသိစိတ်ထဲမှာ စွဲနေတုန်းပဲကွ။ဘာကြောင့်ဖြစ်တယ်၊ဘယ်လိုဖြစ်နေတယ်ဆိုတာ ကိုကိုတို့သေသေချာချာမသိခဲ့ပေမယ့် တစ်ခုခု မှားခဲ့တယ်ဆိုတာတော့ ခံစားခဲ့ရတယ်။ဘာနိုင်ငံရေး အသိမှမရှိသေးပေမယ့် အမေ့မျက်ရည်ကြောင့် ပြည်သူတွေအတွက် တစ်ခုခု လုပ်ပေးချင်တဲ့စိတ် ငယ်ငယ်လေးကတည်းက ဖြစ်ခဲ့ရတယ်။

နိုင်ငံရေး အသိ…..နိုင်ငံရေးသမား …. နိုင်ငံရေး ဆိုတဲ့စကားလုံးတွေကြားတိုင်း ကိုကို ခံပြင်းမိတယ်။။နိုင်ငံရေး ဆိုတာ ဒီနိုင်ငံရဲ့အရေးကိစ္စတွေကို ပြောချင်တာပါ။နိုင်ငံရေးသမား ဆိုတာ ဒီနိုင်ငံရဲ့အရေးတွေကို စိတ်ပါဝင်စားတက်ကြွတဲ့သူကို ဆိုလိုချင်တာလို့ပဲ ကိုကို ခံယူထားတယ်။ကိုကို သမဂ္ဂထဲဝင်တော့ တစ်ချို့ကပြောကြတယ် ကွ။ကျောင်းသားအလုပ် ကျောင်းသား လုပ်တာမဟုတ်ဘူးတဲ့။ကိုကိုတို့အနေနဲ့ ကျောင်းသားအလုပ် ကျောင်းသားလုပ်နေကြတာပါ။ကျောင်းသားတစ်ယောက်အနေနဲ့ ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့နိုင်ငံအကြောင်း သိရမယ်။သိသင့်တယ်။ဒါ ကျောင်းသားတစ်ယောက်အနေနဲ့မှ မဟုတ်ဘူး။နိုင်ငံသားတိုင်း သိရပါမယ်။ဒါကြောင့်​ နိုင်ငံရေး ဆိုတာ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တယ်။ဒီသက်ဆိုင်နေတာကြီးကိုမှ နိုင်ငံရေးတဲ့…နိုင်ငံရေးသမားတဲ့..ဆိုပြီး ခွဲခြားသုံးနှုန်းနေတဲ့သူတွေကို ကိုကို နားမလည်နိုင်တော့ဘူး။

နိုင်ငံတစ်ခုအနေနဲ့ အပိုင်းအမျိုးမျိုးရှိပါလိမ့်မယ်။အမျိုးသားနိုင်ငံရေး၊ပါတီနိုင်ငံရေး…… ဒါတွေအားလုံးဟာ နိုင်ငံတစ်ခုထဲမှာပဲရှိနေတဲ့ အပိုင်းတစ်ခုချင်းဆီရဲ့နာမည်ကို တပ်ပြီး ခွဲခြားသတ်မှတ်လိုက်တာပါ။ကိုကို လက်ခံပါတယ်။ကျောင်းသား သည် ပါတီနိုင်ငံရေး မလုပ်ရဘူး။ဒါပေမယ့် ကျောင်းသားသည် နိုင်ငံရေးမလုပ်ရဘူး ဆိုရင်တော့ ကိုကို လက်မခံနိုင်ဘူး။မင်း ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံရဲ့အရေးကိုမှ မလုပ်ချင်ရင် ဒီနိုင်ငံထဲမှာ မနေနဲ့ပေါ့ကွ။ရှင်းပါတယ်။ဒါကြောင့် ကျောင်းသားတစ်ယောက်အနေနဲ့ ဒီနိုင်ငံရဲ့အရေးနဲ့ပတ်သတ်ပြီး ကိုကို လုပ်တယ်။ကိုကို့တို့လူငယ်တွေကြား(တကယ်တော့ လူကြီးတွေကြား မှာလည်း)သုံးနေကြတဲ့ စကားရှိတယ်။ပြောနေတဲ့အကြောင်းအရာနဲ့မသက်ဆိုင်တာတွေ ပါလာရင် “နိုင်ငံရေး တွေ ပါလာပြီ” လို့ပြောကြတာလေ။ဘယ်တော့မှ မင်း ပါးစပ်ထဲက အဲဒီစကားလုံး မထွက်ပါနဲ့ ညီလေး။နိုင်ငံအရေး(၀ါ)နိုင်ငံရေး ကို ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ ပေါ့ပေါ့လေး မင်း မပြောပါနဲ့။မြန်မာစကားပုံတစ်ခုရှိတယ်။“စကား စကား ပြောဖန်များက စကားထဲက ဇာတိပြ”တဲ့။မင်းရဲ့ဇာတိ မျိုးချစ်စိတ်ဓာတ်ဖြစ်မယ်ဆိုရင် အဲဒီစကားလုံးကို မင်း ဘယ်တော့မှ မသုံးပါနဲ့။

ကိုကိုတို့ ကျောင်းသားသမဂ္ဂ ဆိုတာ အပျော်ဖွဲ့ထားတာမဟုတ်ဘူး။အစိုးရဆိုတာကြီးကို တော်လှန်ပုန်ကန်ဖို့လည်းမဟုတ်ဘူး။ကျောင်းသားဆိုတဲ့ အနာဂါတ်မျိုးဆက်တစ်ခုမှာ ကောင်းမွန်တဲ့အမျိုးသားစိတ်ဓာတ် ဖြစ်တည်လာဖို့အတွက် ရည်ရွယ်ခဲ့ကြတာ။ကိုကိုတို့ရဲ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တို့အစပြုခဲ့တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းဟာ သမိုင်းနဲ့ချီပြီးတော့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေမွေးထုတ်ပေးခဲ့တယ်။မိဘပြည်သူတွေရဲ့ရင်သွေး ကျောင်းသားတွေအနေနဲ့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်တဲ့အချိန်မှာ အသက်တွေ သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့တယ်။ဒါကို နိုင်ငံရေးသမားတွေပါလို့စွပ်စွဲကြမှာလား။သူပုန်တွေလို့ ပြောကြမှာလား။ပြောကြစမ်းပါစေ….ပြည်သူအတွက် ပေးဆပ်ခြင်းကို သူပုန်အဖြစ် သတ်မှတ်တယ်ဆိုရင်လည်း အသတ်မှတ်ခံနိုင်တယ်။နိုင်ငံရေးသမား လို့ ပြောကြရင်လည်း အပြောခံနိုင်တယ်။

ကိုကို ဖတ်ဖူးတဲ့ မောင်ဖီလာရဲ့ ကဗျာတစ်ပုဒ်မှာ အခုလိုရေးထားဖူးတယ်။

“ငယ်တော့ ပိုပြီး မှားလို့ကောင်းတယ်…….

…………………………………………………….

……………………………………………………

……………………………………………………

လူငယ်ဆိုတာ သူပုန်စိတ်ကလေး နည်းနည်းတော့ရှိတာပဲ

ခလုတ်တိုက်မိရင် တိုက်မိတဲ့အုတ်ခဲ ကို ဆဲထည့်လိုက်မယ်

……………………………………………………………………. ”

ကိုကိုတို့ကျောင်းသားတွေဆိုတာ ဆယ်ကျော်သက် လူငယ်တွေပါ။ဒီလူငယ်တွေရဲ့ရှေ့မှာ မတရားမှုလို့ထင်တဲ့အရာတွေဖြစ်လာခဲ့မယ်ဆိုရင် မတရားဘူး လို့စွပ်စွဲကြမှာပဲ။အမှန်တရား တွေအတွက် အခုထိ ဒေါင်းအလံ လွှင့်ထူထားဆဲပါ။

အဘိုး ဗိုလ်ချုပ် လက်ဆင့်ကမ်းပေးခဲ့တဲ့ ဒေါင်းအလံကို အခုထိ ကိုမင်းကိုနိုင်၊ကိုကျော်ကိုကို စတဲ့ လူငယ်မျိုးဆက်တွေ လွှင့်ထူထားနိုင်တုန်းပါ။ဒီလူငယ်မျိုးဆက်အနေနဲ့လည်း ညီလေးတို့ခေတ်အချိန်ရောက်ရင် မင်းတို့လက်ထဲ ဒီဒေါင်းအလံ လွဲပြောင်းထည့်ပေးရဦးမှာပဲ။ဒီအတွက် မျိုးဆက်သစ်လူငယ်တွေအဖြစ် လက်ခံနိုင်လောက်တဲ့အရည်အချင်းရှိနေဖို့အတွက် ညီလေးတို့ ကြိုးစားကြစေချင်တယ်။ကိုကိုတို့ညီလေးတို့ရဲ့သမိုင်း မရိုင်းရစေဖို့အတွက်ပေါ့။

မင်းရဲ့ ကိုပိုင်

ခေတ္တ-ရန်ကုန်မြို့

Image

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s