ရန်ကုန်မြို့ရောက် တောသားတစ်ယောက် ရဲ့ VIP ခရီးစဉ်

ရွှေမြို့တော်ကြီးအတွင်းမှာ တောသားတစ်ယောက်အနေနဲ့ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ့ရပါတယ်။

အင်္ဂလိပ်စာသင်တန်းအတူတက်နေတဲ့ သူငယ်ချင်းတွေစုပြီး ၀ိပဿနာရိပ်သာတစ်ခုမှာ အပတ်စဉ် သန့်ရှင်းရေးကုသိုလ်ယူလေ့ရှိပါတယ်။ကျုပ်က သင်တန်းတက်တာမကြာသေးပေမယ့် ဟိုနေရာလည်းပါ၊ဒီနေရာလည်းပါ ဆိုတော့ သင်တန်းကလူတွေအားလုံးလိုလို ကျုပ်ကို မျက်မှန်းတန်းမိနေကြပါပြီ။ဒီတော့ သန့်ရှင်းရေးသွားလုပ်ဖို့ လာခေါ်ကြတယ်။ပါလေရာမောင် ကျုပ်က ဘယ်ငြင်းလိမ့်မလဲဗျာ။ကုသိုလ်ရေးအတွက်ဆို ရှေ့တန်းကပဲ မဟုတ်လား။

အဲ….သွားပြီဆိုမှ ဒုက္ခရောက်တော့တာပဲဗျို့။ပထမတစ်ခေါက်တုန်းက လူစုပြီးမှသွားတာဆိုတော့ နောက်က အသာလေးကပ်လိုက်သွားရုံပဲ။ဒီတစ်ခေါက်ကျ ကျုပ် ရောက်တာနောက်ကျသွားတာကြောင့် စုသွားတဲ့သူတွေတဲ့သူတွေက သွားနှင့်ပြီ။ဒီတော့ ကျုပ်အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်သွားဖို့ပဲရှိတော့တယ်။သွားရမယ့်နေရာက ရွှေဂုံတိုင် နားမှာလို့တော့ ကျုပ် သိထားတယ်။ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခု ပြီးအောင်မလုပ်နိုင်ရင် ယောက်ျားမပီသဘူး လို့ စိတ်ကို မာန်တင်း၊ဘယ်လိုသွားရမလဲ စ စီစဉ်မိတယ်။နီးစပ်ရာမေးကြည့်တော့ ၁၇၄ ကား၊၅၀ ကား စီးရင် ရောက်သွားတာလို့ဆိုပဲ။နာရီဝက်လောက်ပဲသွားရမှာလို့ လဲပြောကြတယ်။ဒီတော့ ကျုပ် ၁၇၄ (or) ၅၀ ဆိုတာကို ဂါထာရွတ်သလို တတွတ်တွက် ရွတ်၊“ငါ စီးတဲ့နေရာသည် ဆင်ရေတွင်းမှတ်တိုင်၊ငါ သွားရမယ့်နေရာသည် ရွှေဂုံတိုင်၊ငါနေတဲ့ နေရာသည် စံရိပ်ငြိမ်မှတ်တိုင်” … ဆိုပြီး အာဂုံဆောင်။ဒီတော့ စ သွားကြတာပေါ့ဗျာ။

ကံကောင်းတယ်လို့ပဲ ပြောရမယ် ထင်တယ်။ကျုပ် မှတ်တိုင်မှာ ရပ်စောင့်နေတုန်း သိပ်မကြာခင် ၁၇၄ ကား ရောက်လာတယ်။ကားမှန်မှာ ရေးထားတဲ့ ဂိတ်နာမည်ထဲမှာ ရွှေဂုံတိုင် ဆိုတာပါတော့ မလွဲလောက်ပါဘူး ဆိုပြီး တက်သွားလိုက်တယ်။ကားပေါ်ရောက်တော့ လွတ်တဲ့နေရာမှာ တစ်ယောက်တည်း ငြိမ်ငြိမ်လေး ထိုင်နေလိုက်တာပေါ့။ခဏနေကျတော့ ကျွန်တော့်ဘေးနားကို ဈေးသည်ယောက်ျားတစ်ယောက် လာထိုင်တယ်ဗျ။လက်ထဲမှာ တောင်းကို ကိုင်ထားတယ်။တောင်းထဲမှာတွေက ပုရစ်ကြော်တွေ….။ငယ်ငယ်တုန်းကတော့ ပုရစ်ကြော်စားခဲ့ဖူးတယ် ထင်တာပဲ။ကြီးမှတော့ တစ်ခါမှ မစားဖြစ်ဘူး။ကျုပ် ဖတ်ဖူးတဲ့စာအုပ်တွေထဲမှာ စာရေးဆရာ၊ကဗျာဆရာ၊အနုပညာရှင်တွေက ရုန်းကန်လှုပ်ရှားနေရတဲ့အခြေခံလူတန်းစားဘ၀တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောလေ့ရှိတယ်ဗျ။ဒီတော့ ကျုပ်လည်း သူတို့လို အင်တာဗျူးချင်တာပေါ့ဗျာ။ကျုပ် က စမေးလိုက်တယ်။ဘယ်အထိ လိုက်မှာလဲ လို့။မြေနီကုန်း ထိ ညီလေး တဲ့။အော်….ကြားဖူးသလိုလိုပါပဲ။စိတ်ထဲမှာတော့ တွေးမိတယ်။ဒီလူ ဆင်းတဲ့နေရာသည် မြေနီကုန်း လို့ ငါ မှတ်လို့ရပြီ။

ကျုပ် – “ဒါတွေက ဘာကောင်တွေလည်း အကို” (တကယ်တော့​ စကားမရှိ စကားရှာ သိသိချည်းနဲ့မေးလိုက်တာ…ပုရစ်ကြော်တွေမှန်း ကျုပ်သိသားပဲ)

ဈေးသည် – “ပုရစ်ကြော်တွေ ညီလေး”

ကျုပ် – “ဒီအကောင်တွေကို ဘယ်ကနေ ၀ယ်ရတာလဲ အကို။ဘယ်လို ၀ယ်ရတာလဲ”

ဈေးသည် – “အိန္ဒိယ ကနေ ၀ယ်ရတာ။တစ်ကောင် ချင်း တန်ဖိုးနဲ့ပေါ့”

ကျုပ် – “ဒါဆို တစ်ကောင် ဘယ်လောက်နဲ့ဝယ်ရတာလဲ။ပြန်ရောင်းတော့ကော ဘယ်လိုပြန်ရောင်းသလဲ၊မြတ်ကော မြတ်ရဲ့လား”

ဈေးသည် – “တစ်ကောင် ကို ၅၅ ကျပ်လောက်နဲ့ပေးဝယ်ရတယ်။ပြန်ရောင်းတဲ့အခါကျတော့ ၇၀ လောက်နဲ့ရောင်းရတာပေါ့။ဒီလိုပါပဲ။မနေ့ကတော့ ၂ သောင်းလောက် ကျန်တယ်”

ကျုပ် – “ဒါဆို အကိုတို့က အရင်းအနှီးအနေနဲ့ ဘယ်လောက် စိုက်ထုတ်ထားရတာလဲ”

ဈေးသည် – “အနည်းဆုံး ၆ သောင်း၊၇ သောင်း ပေါ့”

ကျုပ် – “အော်…..ဒါဆို အကိုတို့ တစ်နေ့တာအတွက်ကော အဆင်ပြေရဲ့လား။စားလောက်ရဲ့လား။”

ဈေးသည် – “ဒီကောင်တွေက မရောင်းရလည်း အိမ်မှာစားလို့ရတယ်လေ။ဒီတော့ ကျန်နေလည်း ဘာမှမဖြစ်ဘူး။တစ်နေ့စာ တစ်နေ့တော့ စားလောက်ပါတယ်”…………

ကျုပ် မေးနေရင်း နဲ့ လမ်းဘေးဝဲယာ မှာ ရှိနေတဲ့ တိုက်ကြီးတာကြီးတွေကို မြင်တော့ ခံစားချက်တစ်ခု စိတ်ထဲကို ၀င်လာတယ်ဗျ။တစ်နေ့စာ တစ်နေ့အတွက် ချွေးတရွဲရွဲ ရုန်းကန်လှုပ်ရှားနေရတဲ့ဘ၀တွေက ဇိမ်ခံပစ္စည်းအပြည့်အစုံနဲ့ သက်တောင့်သက်သာ စီးပွားရေးလိမ်စား နေတဲ့ သူဌေးတွေထက်တော့ လူဖြစ်ရကျိုးနပ်တယ်။လူဘ၀ရတာ အဓိပ္ပါယ်ရှိတယ်။ချွေးတွေနဲ့ လူတစ်ကိုယ်လုံး ညစ်ပတ်နေရင်တောင် စိတ်ဓါတ်က ဖြူစင်သန့်ရှင်းနေဆဲပေါ့။

အဲဒီအကို ဆင်းသွားပြီးနောက် ကျုပ်နဲ့စကားပြောမယ့်သူလည်း မရှိတော့တာနဲ့ ပါလာတဲ့ စာအုပ် ထုတ်ဖတ်ပြီး လိုက်လာမိတယ်။ဒါပေမယ့် စပယ်ယာ ကျုပ်ဘေးနားလာတိုင်း “ရွှေဂုံတိုင် မှတ်တိုင် ရောက်ခါနီးရင် ပြောပါနော်။…..ပြောပါနော်” ခဏခဏ သတိပေးခိုင်းလို့လားတော့မသိဘူး ကျုပ်နားလေးကို စပယ်ယာ သိပ်မလာတော့ဘူးဗျ။ဒီလိုနဲ့ ရောက်သွားပြီပေါ့ဗျာ။သူငယ်ချင်းတွေက ကျုပ်ကိုတွေ့တော့ အံ့သြနေကြတယ်။ကျုပ် ရန်ကုန် ဘယ်နေရာကိုမှ မသွားတတ်သေးဘူး။မသွားဖူးဘူး ဆိုတာ သူတို့သိတယ်လေ။ကျွန်တော်ရောက်သွားတော့ သူတို့က စေတီတော်တစ်ဆူ ကို သန့်ရှင်းရေးလုပ်နေကြတယ်။အရမ်းပျော်ဖို့ ကောင်းခဲ့ပါတယ်။မောလို့မော မှန်းမသိ၊အချိန်ကုန်လို့ ကုန်မှန်းမသိ။ထမင်းစားချိန်ရောက်တော့ ရိပ်သာ ကနေ ကျုပ်တို့ကို နေ့လည်စာကျွေးတယ်။ကျုပ် နှစ်ပန်းကန် တောင် စားပစ်လိုက်တယ်ဗျာ။ဒါတောင် တတိယ တစ်ပန်းကန် ထပ်ထည့်အုန်းမလို့။ထမင်းစားနေရင်းနဲ့လည်း ရယ်စရာတစ်ခု ကြုံရသေးတယ်။ထမင်းဟင်း က ဘူဖေးလိုမျိုး ကြိုက်သလောက်၊ကြိုက်သလို ထည့်စားလို့ရတယ်။ဒါနဲ့ သူငယ်ချင်းတစ်ယောက် က ဒါပဲငပိချက် ထင်တယ် လို့ပြောတာနဲ့ ကျုပ်လည်း အဲဒီဟင်းကို အများကြီး ထည့်ပစ်လိုက်တာပေါ့။စားကြည့်လိုက်မှ မန်ကျည်းသီးမှည့်ချက် ကြီး။ချဉ်လိုက်တာဗျာ…မပြောနဲ့တော့။ကျုပ် က အဲဒီဟင်းကို တစ်ပန်းကန်လုံး နှံ့နေအောင် အားရပါးရ ထည့်၊အားရပါရ နယ် ထားတာကို။ဘယ်လိုမှ ဆက်စားလို့မရတာတော့တာနဲ့ နှစ်ပန်းကန်မြောက် မှာပဲ ရပ်ပေးလိုက်ရတော့တယ်။

အပြန်ကျတော့​ လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ရတာပါပဲ။ဒါပေမယ့် သူငယ်ချင်း သုံးယောက်ကလည်း ဆင်ရေတွင်းမှတ်တိုင် ကိုပဲ ပြန်ရမှာဆိုတော့ အဖော်တော့ရှိသွားတာပေါ့။တစ်ယောက်ထဲ လာခဲ့ပြီးတဲ့ ခရီး ဆိုတော့ အလာလောက်တော့​သိပ်မကြောက်တော့ပါဘူး။သူငယ်ချင်းတွေနဲ့ စကားပြောလိုက်၊ဟိုဘက်ငေး ဒီဘက်ငေး လိုက်နဲ့ မတ်တပ်ရပ်လိုက်လာခဲ့ရတယ်။ခုံတစ်နေရာ ရတော့ သူငယ်ချင်းတွေက ကျုပ်ကိုပဲ ထိုင်ခိုင်းတယ်ဗျ။အော်….သူတို့ ထိုင်ခိုင်းချင်စရာပဲလေ။ကျုပ် ငယ်ငယ်တုန်းက အောင်ဆန်းသူရိယတိုက်ချွန်းစာအုပ် ဖတ်ပြီး အဖေ့ကို “သား ရန်ကုန်ရောက်ရင်လေ အောင်ဆန်းသူရိယတိုက်ချွန်း လို ခါးပိုက်နှိုက် ခံချင်လိုက်တာဗျာ..” လို့။အဲဒီတုန်းက အဖေဆို တအားရယ်တာပေါ့။အခု ရန်ကုန်မှာ နဖူးတွေ့ဒူးတွေ့ လူကျပ်ကျပ် နေရာကျပ်ကျပ် ကားပေါ်ရောက်တော့ ကျုပ် အဲဒီ ခါးပိုက်နှိုက်ခံချင်တဲ့စိတ်လေး ပျောက်သွားတယ်ဗျ။ရှိစုမဲ့စု မုန့်ဖိုးလေးသာ ပါသွားခဲ့ရင်ဆိုပြီး လွယ်အိတ်ကို ခဏခဏ ကြည့်ရတာအမော။ဒါကြောင့်လည်း သူငယ်ချင်းတွေက ကျုပ်ကို ထိုင်ခုံနေရာ ပေးတာ နေမှာပါ။ကျုပ် ထိုင်နေရင်း သိပ်မကြာခင်မှာ ကျောင်းစိမ်း ၀တ်ထားတဲ့ ခပ်၀၀ ဆရာမကြီးတစ်ယောက်တက်လာတယ်။လက်ထဲမှာလည်း ခြင်းတောင်းတစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ပေါ့။ကျုပ် အလိုအလျောက် ကို ဘာမှမစဉ်းစားမိပဲနဲ့ ထိုင်ခုံနေရာကထ ပြီး ဆရာမကြီး ကို ထိုင်ပါ ခင်ဗျ လို့ သူ့အလိုလို ပါးစပ်က ပြောထွက်သွားတယ်ဗျာ။ကျုပ်လေ….ဆရာမကြီးအတွက် ထိုင်ခုံနေရာကထပေးပြီး မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ ဖြစ်လာတဲ့ခံစားချက်က ပြောပြလို့မရလောက်အောင်ကို ကြည်နူးလိုက်ရပါတယ်။အဲဒီဆရာမကြီးက ဆင်ရေတွင်းအထိ ကျုပ်တို့နဲ့ အတူတူပဲ။မှတ်တိုင်ရောက်၊ဆင်းတော့​ ဆရာမကြီးက ကျုပ်ကို “ကျေးဇူးတင်ပါတယ် သား” လို့အနားနားကပ် ပြောသွားသေးတယ်။အဲဒီအချိန်ကစပြီး ကျုပ်စိတ်ထဲမှာ စွဲမြဲသွားတာကတော့ သေးငယ်တဲ့အလုပ်ဖြစ်နေရင်တောင် သူတစ်ပါး အဆင်ပြေဖို့ ကျုပ် လုပ်ရမယ် လို့ပေါ့။သူငယ်ချင်းတွေကတော့ ကျုပ်ကို စနေကြသေးတယ်။“မောင်ပိုင် … ထိုင်ခုံနေရာဖယ်ပေးတာ မတ်တပ်ရပ်နေတဲ့ ကောင်မလေးနှစ်ယောက်နား ကပ်ချင်လို့နေမှာပါ”…တဲ့။ကျုပ်ကတော့ ပြုံးပြုံးပဲ။

ဒါကြောင့် ခင်ဗျားတို့ကို ကျုပ် ပြောခဲ့သားပဲ။ရွှေမြို့တော်ကြီးအတွင်းမှာ တောသားတစ်ယောက်အနေနဲ့ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ့ရပါတယ် လို့။

(ဆရာကြီးဦးမြကြိုင် ၏ အင်္ဂလိပ်စာသင်တန်းမှ သူငယ်ချင်းများသို့……အမှတ်တရ)

မောင်ပိုင်

Advertisements

2 responses to “ရန်ကုန်မြို့ရောက် တောသားတစ်ယောက် ရဲ့ VIP ခရီးစဉ်

  1. မင်းရဲ့စာတွေက ဖတ်လို့ကောင်းလိုက်တာ။ကောင်းတာတွေကတော့အများကြီးပဲ။အထူးသဖြင့် မျက်ရည်ဝဲပြီး ကြည်နူးမိတာတော့ ဆရာမကိုနေရာထပြီးဖယ်ပေးလိုက်တာကိုပဲ။တကယ်ပါ ဖတ်ရင်းနဲ့ကို မျက်ရည်ဝဲလာမိတာ။

  2. အရမ်းဖတ်လို့ကောင်းတယ်…. ငယ်ငယ်တုန်းက ကျောင်းမှာ မြန်မာစကားပြေတစ်ပုဒ်သင်ပြီးတိုင်း ရသမျိုးစုံခံစားရပါသည် ဆိုပြီး ကျက်ခဲ့ရသလိုပဲ…. ဆက်ကြိုးစားနော်… အရာရာကိုအလေးထားတတ်တဲ့မင်းစိတ်ဓါတ်ကိုလည်းချီးကျူးမိပါတယ်.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s