ပေးစားနှစ်စောင် အရင်းပြု၍

“ညီလေးဖတ်ဖို့” လို့ခေါင်းစဉ်တပ်ထားလို့လားတော့မသိပါဘူး။ညီမအရွယ်ထင်ရတဲ့ မိန်းကလေးတစ်ယောက်ဆီက Mail နှစ်စောင် ရောက်လာပါတယ်။ပို့ထားတာကြာနေပြီဗျ။ 4 ရက်နေ့ Date နဲ့ပို့ထားတာ။ကျွန်တော်က Mail Box မဖွင့်ဖြစ်တော့ ရောက်မှန်းမသိဘူး။ဒီနေ့မှ ဖတ်မိတဲ့အတွက် ကျွန်တော် ချက်ချင်းပဲစာပြန်ရေးလိုက်ပါတယ်။(နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ် ခင်ဗျာ။ညီမ အနေနဲ့ ကျွန်တော့်ကို အကြံပေးစေချင်ပါတယ် လို့ ခေါင်းစဉ်တပ် မေးမြန်းထားတဲ့အချက်တွေအတွက် ညီမဆီကို မေးလ်သီးသန့်ပြန်ပို့ပေးထားပါတယ်။အဲဒီမေးလ်မှာ ရေးထားတဲ့အကြောင်းတွေရယ် ကျွန်တော်နဲ့ရင်းနှီးနေတဲ့ ညီ၊ညီမတွေရဲ့ရင်ဖွင့်သံတွေကို ပေါင်းပြီး ရလာတဲ့အတွေးအချို့ အနေနဲ့ အားလုံးကို မျှဝေချင်လို့ အခုလို ရေးလိုက်ရတာပါ။ခွင့်ပြုချက်မတောင်းပဲ  ကျွန်တော် ရေးလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။Personal ကိစ္စတွေ လုံးဝမပါစေရပါဘူး လို့ ကျွန်တော် ကတိပေးပါတယ်။)

စကားချီး နဲ့ကို တော်တော်များနေပါပြီ။ပို့လိုက်တဲ့ မေးလ် ကို မြင်မြင်ချင်း ကျွန်တော် လေ ထဲကို မြှောက်တက်သွားတယ်ခင်ဗျ။ပြီးတော့ လန့်ပြီး ပြန်ပြုတ်ကျလာတယ်.. 🙂 ။ကျွန်တော့်မှာ ဒီအတွက် လက်ခံနိုင်တဲ့အရည်အချင်းမရှိသေးတဲ့အတွက်ပေါ့။ကျွန်တော်အနေနဲ့ အဝေးမှာအမြဲနေနေခဲ့ရတဲ့ ညီလေးအတွက် ကျွန်တော်တတ်နိုင်သလောက်၊ကျွန်တော်သိသလောက် ပြောပြချင်တဲ့စိတ်တစ်ခုထဲနဲ့ စာရေးခဲ့တာပါ။ကျွန်တော့်ကို စာမေးမြန်းအကြံဥာဏ်တောင်းနိုင်တဲ့အထိ ပြည့်စုံတဲ့အသိဥာဏ်ဗဟုသုတ ကျွန်တော်မှာ မရှိသေးပါဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ၀န်ခံပါရစေ။ကျွန်တော့်ကို ပုံနှိပ်စာမူဆိုတာတောင် မမြင်ဖူးသေးတဲ့ အွန်လိုင်းပေါ်က စာရေးဝါသနာရှင်တစ်ယောက်အနေနဲ့ပဲ မြင်ပေးကြပါ။ကျွန်တော့်အသက်အရွယ်အရတော့ ညီ၊ညီမငယ်တွေကို ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို ပြန်ပြောလို့ရနေတဲ့အတွက် ပြောနိုင်သလောက်၊ပြောတတ်သလောက်တော့ ကျွန်တော် ပြောချင်ပါတယ်။အဲဒီလိုပြောတဲ့နေရာမှာ ကလေးဆန်ဆန် အပြုအမူတွေလည်း ရှိကောင်းရှိပါလိမ့်ဦးမယ်။ဒါကြောင့် ကျွန်တော့်ရဲ့စာများကို မရင့်ကျက်သေးတဲ့လူငယ်တစ်ယောက်ရဲ့ရင်ဖွင့်ဝေမျှသံ တွေအနေနဲ့ပဲ ဖတ်ပေးကြပါ။

ကျွန်တော်ကို မေးလာတဲ့မေးခွန်းထဲမှာ အားလုံးလိုလို အဓိက ပါနေတာက ဆယ်တန်းအောင်နေပြီ။အခု ဘာဆက်လုပ်ရမလဲ ဆိုတာပါပဲ။အဲဒီမေးခွန်းက ပို့လာတဲ့မေးလ်ထဲမှာတင်မကဘူး ဗျ တွေ့သမျှ ဆယ်တန်းအောင်ပြီးစ ညီ၊ညီမတွေနဲ့တွေ့တိုင်း အဲဒီအသံကြားရပါတယ်။သူတို့ကျမှပဲ ပြောနေတာမဟုတ်ပါဘူး။ကျွန်တော်တို့ဆယ်တန်းအောင်စတုန်းကလဲ ဒီလိုပဲ ပြောခဲ့၊ညည်းခဲ့ကြတာပါပဲ။အမှတ်ကောင်းတဲ့သူတွေအတွက်ကျရင်တော့ လိုင်းကောင်းကောင်းက စောင့်နေပြီးသားဆိုတော့ မပူစရာလိုပါပဲ။အမှတ်နည်းတဲ့သူ(ဥပမာ-ကျွန်တော်) အတွက်ကျတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ၊ဘာဖြစ်လာလို့ဖြစ်လာမှာမှန်းမသိ၊ဘာကို မျှော်လင့်လို့မျှော်လင့်ရမှန်းမသိ ဖြစ်ရပါတယ်။

ဘယ်တက္ကသိုလ်လျှောက်သင့်တယ်။ဘယ်လိုင်းကောင်းတယ်။ဘယ်မေဂျာက ဈေးကွက်ဝင်တယ် ဆိုတာတွေ ကျွန်တော် မသိတဲ့အတွက် ဘာလုပ်၊ဘာလျှောက်ပါလို့ ကျွန်တော် အကြံမပေးတတ်ပါဘူး။ဒီတော့ ကျွန်တော့်အနေနဲ့ ဘယ်လိုစဉ်းစားသင့်တယ် ဆိုတာနဲ့ပတ်သတ်ပြီးတော့ပဲ လမ်းစဖော်ပေးနိုင်ပါလိမ့်မယ်။ကျွန်တော့်အတွက်လည်း ဒီလမ်းစတွေက ဖေဖေ၊မေမေ၊ဆရာ၊ဆရာမတွေနဲ့ကျွန်တော့်ရဲ့စာအုပ်တွေက ဖော်ပေးခဲ့တာပါ။ဒါကြောင့် ကျွန်တော် ပြောပြမယ့်အကြောင်းအရာတော်တော်များများသည် မိဘတိုင်း၊ဆရာ၊ဆရာမတိုင်း မကြာခဏပြောလေ့ရှိတဲ့စကားတွေနဲ့ ဆွေမျိုးတွေပါပဲ။ကျွန်တော်တုန်းကတော့ ဆယ်တန်းစာမေးပွဲဖြေပြီးတာနဲ့ နေ့စဉ်လုပ်ခဲ့တဲ့အလုပ်ကတော့ နေမြင့်တဲ့အထိ အိပ်တာပါ… 🙂 ။တကယ်ပြောတာဗျ။နောက်နေတာမဟုတ်ဘူး။မေမေကလည်း “သားလေး ပင်ပန်းနေပါပြီ”ဆိုပြီး ခွင့်လွှတ်၊ကျွန်တော်ကလည်း “မောင်ပိုင်…မင်း ကြိုးစားခဲ့ပြီးပါပြီလေ”ဆိုပြီး ကိုယ့်ကိုကိုယ် ဖြေသိမ့်။အဲဒီလိုနဲ့ နေဖင်ထိုးအောင်အိပ်ခဲ့တာ အောင်စာရင်းထွက်တဲ့နေ့အထိပါ။အောင်စာရင်းလဲထွက်၊ရလဒ်လည်း သိရော အမေ ကျွန်တော့်ကို သိပ်မကြည်ချင်တော့ဘူးဗျ။ဒါပေမယ့် မိဘမေတ္တာအရ “သာမာန်ရလဒ်အတွက် သားလေး စိတ်ညစ်၊စိတ်ဓာတ်နေမှာပါလေ” ဆိုပြီး ခွင့်လွှတ်နေဆဲ။အိပ်ခိုင်းနေဆဲ။အရင်တုန်းကလိုတော့ ထမင်းတွေဘာတွေ ခူးမကျွေးတော့ဘူး..:) ။သေချာတာတစ်ခုကတော့ မိဘတွေအတွက် သားသမီး အောင်မြင်မယ် ဆိုရင် သားသမီး လက်ကို ဆွဲပြီး ဂုဏ်ယူဝံ့ကြွားစွာ အောင်လံလွင့်မယ်။သားသမီး ကျရှုံးခဲ့မယ်ဆိုရင်လည်း သားသမီးလက်ကို ဆွဲပြီး အရှုံးအတွက် မျက်နှာမငယ်ရအောင် နှစ်သိမ့်ပေးမယ်။ဒါ ကျွန်တော် တကယ် ကြုံခဲ့ရတဲ့ ဖေဖေနဲ့မေမေ ရဲ့မေတ္တာတရားပါ။ဒီတော့ ညီ၊ညီမတွေအနေနဲ့ အောင်စာရင်းအရ အိမ်မှာ အဆိုခံ၊အပြောခံ ရတယ်ဆိုပြီး မနာကျည်းပါနဲ့။မိဘတွေရဲ့ ကြီးမားတဲ့မျှော်လင့်ချက် ပျက်စီးသွားခဲ့မှုအတွက် လျော်ကြေးပြန်ပေးပေးပါ။မိဘတွေကို အထင်မလွဲပါနဲ့။အမေ၊အဖေ ကို ဆိုတာ ကိုယ်ဘယ်လိုမျိုးဖြစ်နေပါစေ အမြဲတမ်းချစ်နေမှာ ဆိုတာ သေချာပါတယ်။

ညီ၊ညီမ တွေအတွက် တက္ကသိုလ်မတက်ခင်အချိန်လေးမှာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေစေချင်တယ်။ကိုယ် ၀ါသနာပါရာလုပ်။ကိုယ် သဘောကျတာကို ဖန်တီး။ကိုယ် ပျော်မယ်ထင်တဲ့နေရာမှာနေ။(အမှန်တကယ် ဒါတွေက မှာစရာတောင်မလိုဘူးမို့လား..အလိုအလျောက် အော်တိုမစ်တစ် ကို တတ်မြောက်ပြီးသား… 😛 … ကိုယ်တွေ့ပြောသည်)ဒါပေမယ့် အသိဥာဏ်နဲ့တော့ ဆုံးဖြတ်ပေါ့ကွာ။ဟိုသင်တန်းတက်၊ဒီသင်တန်းတက် တွေအတွက်ကတော့ ၀ါသနာပါတဲ့သင်တန်းတက်နေရရင် ကောင်းပါတယ်။ဝါသနာလည်း မပါ၊စိတ်လည်းမ၀င်စား တစ်ခြားသူတွေတက်နေကျလို့ လိုက်တက်ရတာမျိုးဆိုရင်တော့ အချိန်ကုန်တယ်။လူပင်ပန်းတယ်။ပိုက်ဆံ ဆုံးတယ်။ဘာပညာမှ ရမှာမဟုတ်ဘူး။သူများသြဇာအောက်မှာ စနေဖို့ကြိုးစားနေတဲ့ ရူးကြောင်ကြောင် နောက်လိုက်တွေလို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ပေးလိုက်ရတဲ့ အချိန်တွေ၊ခွန်အားတွေ၊ငွေကြေးတွေအတွက် တန်အောင်တော့ ပြန်ယူနိုင်သင့်တာပေါ့ဗျာ။ဒါကြောင့် သတိထားပြီး သင်တန်း ဆိုတာတွေကို တက်စေချင်ပါတယ်။

အနာဂါတ် ကို အရမ်းမတွေးနဲ့။ခင်ဗျားတို့ ကျွန်တော်တို့က ဗေဒင်ဆရာလုပ်စားမယ့်သူတွေမဟုတ်ဖူးမို့လား။(ဟုတ်ရင်တော့ တွေးရင်တွေးပေါ့လေ)အနာဂါတ် ကို တွေးပြီးကြောက်နေတာ လူငယ်တစ်ယောက်ရဲ့အလုပ်မဟုတ်ဘူး။အနာဂါတ် ဆိုတာ ဒီနေ့ ကိုယ်ဖန်တီးလိုက်ခြင်းတွေပေါ်မူတည်ပြီး ဖြစ်လာမယ့်အကျိုးဆက်။မင်းတို့ ငါတို့လက်ထဲမှာ ရှိတယ်။ဒါပေမယ့် လက်ထဲမှာ ရှိနေတဲ့အရာကို အပေါ် ပင့်တင်မလား။အောက် ပစ်ချ မလားဆိုတာကတော့ လုပ်လိုက်တဲ့လုပ်ရပ်တွေကနေ ဆုံးဖြတ်သွားမှာပါ။ဒါပေမယ့် အနာဂါတ် ကိုတော့​စီစဉ်တတ်ရလိမ့်မယ်။အဲဒါကို စကားလုံးတွေအနေနဲ့ “ရည်မှန်းချက်၊ပန်းတိုင်၊ဦးတည်ရာ…” အမျိုးမျိုးခေါ်ကြပါတယ်။အရေးကြီးတာကတော့ ဖြစ်လာမယ့်အရာအတွက် ကြိုတင်စီမံခန့်ခွဲတတ်ဖို့ပါပဲ။စီမံခန့်ခွဲတတ်ဖို့ကတော့ သင်တန်းမဖြစ်မနေ တက်ရလိမ့်မယ်ဗျ။ဒါပေမယ့် သင်တန်းကြေးကတော့ အခမဲ့ပါ။သင်ပေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ဦးနှောက်။အဲ….ဆရာ က အလကားသင်ပေးနိုင်ပေမယ့် ဆရာအတွက် ရေတို့၊မုန့်တို့ အာဟာရဖြစ်အောင် ဖြည့်ဆည်းပေးရမယ်နော်။ဒါမှ ဆရာအနေနဲ့ သင်တဲ့အခါမှာ တက်တက်ကြွကြွ အမောမဆို့ပဲ သင်နိုင်မှာ။

ဆရာက “အတွေး” ဆိုတဲ့မုန့်ကို အရမ်းကြိုက်တတ်ပါတယ်။ဒါကြောင့် တွေးပါ။တွေးဖို့အတွက် သင်ထောက်ကူပစ္စည်းအမျိုးမျိုး ရှိပါတယ်။စာအုပ်တွေ၊ရုပ်ရှင်ဇာတ်ကားတွေ……ခင်ဗျားတို့ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်လောကကြီး ရယ်ပေါ့။ဒီသင်ထောက်ကူတွေကို အကျိုးရှိရှိအသုံးချနိုင်ပါစေ။ဒါကြောင့် တွေးပါ။စိတ်ကူးမယဉ်ပါစေနဲ့။တစ်ခါတစ်လေကျတော့ တွေးတာနဲ့ စိတ်ကူးယဉ်တာ မကွဲဘူးဗျ။တွေးရင်းတွေးရင်း စိတ်ကူးယဉ်တဲ့အဆင့်ရောက်သွားတတ်တယ်။တကယ်တော့ အတွေးဆိုတာ လက်ရှိအခြေအနေပေါ်မူတည်ပြီး မှန်၊မှား ဆုံးဖြတ်တာ။မဟုတ်နိုင်တာ၊မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်နေတာနဲ့ ဘာမှမဆိုင်ဘူး။ဒါကြောင့် ကျွန်တော် ပြောခဲ့တယ်လေ။အနာဂါတ်ကို အရမ်းမတွေးပါနဲ့ဆိုတာ။ရင့်ကျက်တဲ့အတွေးအခေါ် ဖြစ်လာဖို့အတွက် စာများများဖတ်ပါ။ဟောပြောပွဲတွေ နားထောင်ပါ။စာဖတ်တာတို့၊ဟောပြောပွဲတွေ နားထောင်တာတို့ဆိုတာ စာရေးဆရာရဲ့ဘ၀နဲ့ရင်းပြီးရခဲ့တဲ့အတွေ့အကြုံတွေ ခဏလေးနဲ့သိခွင့်ရနိုင်တဲ့ အခွင့်အလမ်းပဲ။

ဒါကြောင့် ဆရာဦးနှောက် ကို အတွေးမုန့်ကောင်းကောင်းလေး ကျွေးနိုင်ဖို့အတွက် ညီ၊ညီမငယ်တွေအနေနဲ့ ဖန်တီးနိုင်ပါစေ….လို့ ဆန္ဒပြုရင်း။

မောင်ပိုင်

ခေတ္တ-ရန်ကုန်မြို့။

P.S ။ အများကြီးတစ်ပြိုင်နက်ထဲ ရေးလိုက်ရင် ကျွန်တော့်အတွက် ပြောချင်တဲ့အချက်တွေရောသွားမှာစိုးတာကော…ဖတ်တဲ့ညီအကိုမောင်နှမတွေ ပျင်းသွားမှာကိုကော စိုးရိမ်မိလို့ ဒီတစ်ခေါက် ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါရစေ။နောက်ပြီး ကျွန်တော် အခု ဒုက္ခရောက်နေတာက ရေးလက်စ “ညီလေးဖတ်ဖို့” ကိုပဲဆက်ရေးရမှာလား။အခု မပြီးသေးတဲ့ “ပေးစာနှစ်စောင် အရင်းတည်၍” ကိုပဲ ဆက်ရေးရမှာလား။နှစ်ခုစလုံး ပြိုင်ရေးရမှာလား ဆိုတာဝေခွဲမရဖြစ်နေပါတယ်။အင်းလေ….ကျွန်တော် ဘာပဲရေးရေး အားလုံးအတွက် အကျိုးရှိနိုင်မယ့် အတွေးတစ်ခုခု ရမယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။အားလုံးကို ကျေးဇူးတင်ပါတယ်။

Advertisements

One response to “ပေးစားနှစ်စောင် အရင်းပြု၍

  1. အောင်မြင်လာတဲ့မောင်လေးအတွက် ဂုဏ်ယူပါတယ်…။ အားမရလို့ ဆူမိတာတွေကို စေတနာလို့ နားလည်ပေးရင် တို့နှစ်ယောက် ပိုအဆင်ပြေမယ်ထင်တယ်…။ နောက်မှ ပိုင်ပိုင့်နောက်လိုက်ပြီး မောင်လေးဖတ်ဖို့ ရေးပေးရမလိုဖြစ်နေပြီ………။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s