ညီလေးဖတ်ဖို့ (၄)

 

 

ညီလေး ရေ……

 

တစ်ခါတစ်လေကျတော့လည်းလေ ကိုကို အထီးကျန်ခံစားချက်မျိုးကို ခံစားရတယ်။လူတွေအားလုံးကြားမှာ ကိုယ်က ထူးခြားနေရင်ပေါ့။အရာအားလုံးကို သိနေခြင်းက ကောင်းတဲ့အချက်မဟုတ်သလိုပဲ။သိနေတဲ့အချိန်မှာ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲရပ်ကြည့်နိုင်နေမယ် ဆိုရင်တော့ ဘာမှမဖြစ်သေးဘူးပေါ့ကွာ။ဒါပေမယ့် ကိုယ်သိထားတာတွေနဲ့မတူတဲ့အချက်တွေကိုတွေ့တဲ့အခါမျိုးမှာ ထောက်ပြဝေဖန်လိုက်မယ်ဆိုရင်တော့ သေချာပေါက်တစ်ခုခုဖြစ်တော့မယ်။

 

သာမာန်လူအားလုံးကတော့ ဝေဖန်မှုကို မကြိုက်ကြပါဘူး။အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ကိုကို့ကို လာဝေဖန်ကြတဲ့အခါ ပြန်ပြီးတုန့်ပြန်ချင်တာမျိုး ဖြစ်မိပါတယ်။ဖတ်ထားတဲ့စာတွေကြောင့်သာ ဝေဖန်မှတိုးတက်မှာ ဆိုတာ သိနေပေမယ့် တကယ်လက်တွေ့မှာဖြစ်လာတဲ့အခါကျတော့ ပင်ကိုယ်စိတ်ရိုင်း ကို ချွန်းမအုပ်နိုင်ဘူး။ဝေဖန်တဲ့အခါတိုင်း ကိုယ် မှားနေတယ်လို့တော့လည်း ပြောလို့မရဘူးပေါ့ကွာ။ပတ်ဝန်းကျင်ရဲ့ဖိအားကြောင့် ကိုယ့်ရဲ့ယုံကြည်ချက် ပြောင်းလဲရမယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ကိုယ့်ရဲ့စိတ်ထဲမှာ ယုံကြည်နေမိတဲ့အချက်ကို ပြောင်းလဲဖို့ဆိုတာ မလွယ်ကူပါဘူး။အရမ်းခက်ခဲပါတယ်။ကိုယ့်ကိုကိုယ် အမှန်၊အမှား သတ်မှတ်နိုင်တဲ့အချိန်ကျမှသာ ယုံကြည်ချက် ပြောင်းလဲသွားနိုင်တာပါ။

 

ကိုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်လေးတစ်ခုကို ပြန်ပြောပြမယ်။သိပ်မကြာသေးတဲ့အချိန်တုန်း က မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ မော်ဒယ်လ်နန်းခင်ဇေယျ နိုင်ငံတကာ ပြိုင်ပွဲဝင်ခဲ့တယ် ဆိုတာ ညီလေး သိမယ်ထင်ပါတယ်။နိုင်ငံတကာပြိုင်ပွဲအနေနဲ့ ရေကူးဝတ်စုံ ၀တ်ပြီးတော့ ယှဉ်ပြိုင်ရပါတယ်။ဒီလိုယှဉ်ပြိုင်မှုကို ကိုကို ခါးခါးသီးသီး ကန့်ကွက်ခဲ့တယ်။ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်။ကိုကိုရဲ့ယုံကြည်ချက်က ဒီလိုပြိုင်ပွဲ ၀င်ရုံနဲ့ ငါတို့နိုင်ငံ ဘာပြောင်းလဲသွားမှာလဲ။အခုလို ၀တ်စားဆင်ယင်တာကို တရားဝင်အနေနဲ့ ခွင့်ပြုလိုက်မယ်၊လက်ခံလိုက်မယ် ဆိုရင် နှစ်ပေါင်းများစွာထိန်းသိမ်းခဲ့ရတဲ့ ငါတို့ မြန်မာနိုင်ငံရဲ့အမျိုးသားယဉ်ကျေးမှု မြောင်းထဲရောက်သွားမှာပေါ့ လို့ ယူဆခဲ့တယ်။ကိုကို အရင်စာ တုန်းက ရေးခဲ့သလို ငါ သင်ခဲ့ရတဲ့ သမိုင်း မ အစေရဘူးလို့ ခံယူခဲ့တယ်။

 

ကိုကို ဒီလိုလုပ်လိုက်တော့ ပထမဆုံး ကိုကို့ကို ၀ိုင်းပြီးအပြစ်တင်ဝေဖန်တာခံရတယ်။အွန်လိုင်း ပေါ်မှာတင်မကပဲ အပြင်လောက သူငယ်ချင်းမိတ်ဆွေတွေကိုယ်တိုင် ကိုကို့ကို ခံယူချက် သိပ်မပြင်းဖို့ ၀ိုင်းပြောကြတယ်။သူတို့ ကိုကို့ကို ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ဒါပေမယ့် အထီးကျန်ဘ၀ ဖြစ်အောင်တော့လုပ်နိုင်တယ်ဗျ။သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ကိုကိုတစ်ယောက်တည်း ငုတ်တုတ်ထိုင်နေရသလို ဖြစ်လာတယ်။သူတို့နဲ့ စကားမပြောလို့လား ဆိုတော့ မဟုတ်ပါဘူး။ပြောပါတယ်။ပြောနေရပေမယ့် တစ်သားတည်းမဖြစ်သလိုတော့ ခံစားရတယ်။ဒါပေမယ့် ကိုကို စာအုပ်တွေဖတ်ထားတာပဲလေ။ပြန် မာန်တင်းတာပေါ့။ပတ်ဝန်းကျင် ရိုက်ခတ်မှုကြောင့် ငါ့ရဲ့အယူအဆ လက်လျှော့အရှုံးပေးရမှာလား။ဘယ်တော့မှအရှုံးမပေးဘူး။သေတဲ့အထိ မြန်မာ့ယဉ်ကျေးမှု မပျက်စီးဖို့ ကြိုးစားမယ်။အဲဒီလိုကြိုးစားတဲ့နေရာမှာ ဘာလုပ်ရ၊လုပ်ရ လုပ်မယ် လို့ အားလုံးရှေ့မှာ ကြွေးကြော်ခဲ့တယ်။

 

အဲဒီ ကြွေးကြော်မှု က လေ အနေနဲ့ထွက်လာပြီး လေ အနေနဲ့ပဲ ပြန်ပျောက်ကွယ်သွားပါတယ်။ကိုကို က လက်ရှိအခြေအနေကိုမှ ထည့်မတွက်ခဲ့တာ။ကိုကိုရဲ့စွမ်းအား ဘယ်အတိုင်းအတာထိ သက်ရောက်မှုရှိသလဲ ဆိုတာကိုလည်းပဲ ကြိုမစဉ်းစားခဲ့ပါဘူး။ဒီတော့  “ဘယ်က စလုပ်မလဲ၊ဘယ်လိုလုပ်မလဲ၊ဘယ်လိုအဆုံးသတ်မလဲ၊ဘယ်လိုအကျိုးကျေးဇူးရနိုင်မှာလဲ။မျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင်ကော ဘယ်လိုဆက်လုပ်မလဲ….” ဆိုတဲ့မေးခွန်းတွေ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ဖြစ်ခဲ့တယ်။ရလာတဲ့အဖြေက “ဘယ်ကစလုပ်မလဲ – အနီးပတ်ဝန်းကျင်ကနေပဲ စလုပ်လို့ရပါလိမ့်မယ်။ဘယ်လိုလုပ်မလဲ-မြန်မာယဉ်ကျေးမှု ကို ချစ်တတ်လာအောင် လုပ်ရမှာပေါ့။ဘယ်လိုအဆုံးသတ်မလဲ-အဆုံးမရှိလောက်ပါဘူး။ဘာလို့လဲဆိုတော့ ကိုကို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေရဲ့ ပင်ကိုယ်ဓာတ်ခံနဲ့သက်ဆိုင်နေလို့ပါ။ဘယ်လိုအကျိုးကျေးဇူးရနိုင်မလဲ-ပြောမပြတတ်လောက်အောင် လို့ သတ်မှတ်ခဲ့မိတယ်။မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင်ကော ဘာဆက်လုပ်မလဲ-ထိုင်ငိုချင်စိတ် ပေါက်သွားခဲ့ပါတယ်။အဲဒီမေးခွန်းအတွက် ကိုကို့မှာ အဖြေမရှိခဲ့ဘူး။စိတ်ထဲမှာ လွန်ဆွဲနေတယ်။ရေလိုက်ငါးလိုက်နေမှာလား….ဖတ်ထားတဲ့စာအုပ်တွေအရလည်း ယဉ်ကျေးမှုကို မြတ်နိုးနေရမယ်ဆိုတာ သိနေတယ်။ဒါပေမယ့် လက်ရှိအနေအထားအရလည်း နိုင်ငံခြားယဉ်ကျေးမှုတွေ လွှမ်းမိုးနေပြီး အားလုံးလိုလို အတို၊အကပ်၊အထောင်၊အဖော် တွေဖြစ်ကုန်ကြပြီ။ကိုကို့အတွက် ငါ ဘာလုပ်နိုင်မလဲ ဆိုတဲ့မေးခွန်းနဲ့ပဲ အဆုံးသတ်လိုက်ရတော့တယ်။

 

ကဲ…ညီလေး။စာအုပ်တွေအများကြီးဖတ်ထားတဲ့အတွက် အများကို ဆန့်ကျင်ချင်တဲ့စိတ် ကိုကို ဖြစ်ခဲ့ဘူးတယ်။လက်ရှိအနေအထား ကို လက်ခံနိုင်စွမ်းမရှိလောက်အောင် ဒေါသဖြစ်ခဲ့ဘူးတယ်။ကိုကို့ဆရာတစ်ယောက်ရဲ့စကား ကို ပြန်ကြားမိတယ်။“ဖြစ်ချင်တိုင်း ဖြစ်လာချင်မှဖြစ်လာလိမ့်မယ်။၁၀၀ % မအောင်မြင်ပေမယ့် ၇၅% အောင်မြင်ရင်တောင် ကျေနပ်လိုက်ပါ”။အခုချိန်မှာတော့ အကုန်လုံးက အနည်ထိုင်နေသလိုဖြစ်နေပါပြီ။ဒါပေမယ့် အနည်မထိုင်ခဲ့ချိန်ကာလကတော့ ကိုကိုအတွက် ဖြတ်သန်းဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ဒီတော့ ကိုကို့ညီလေး ကိုတော့ ကိုကို့လိုအဖြစ်မျိုး မဖြစ်စေချင်ဘူး။ညီလေး အနေနဲ့ ကိုယ့်ဆီမှာရှိနေတဲ့ အရည်အချင်းတွေအားလုံးကို ထုတ်မပြပါနဲ့။တတ်နိုင်သရွေ့ သိမ်းထားပါ။အရေးကြုံလာခဲ့ရင်လည်း စ၊လယ်၊ဆုံး ခြုံငုံပြီးတော့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ခေါင်းအေးအေးနဲ့စဉ်းစား။ဒေါသ ထွက်နေနိုင်ပေမယ့် ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်soနိုင်တဲ့သူတစ်ယောက်ဖြစ်နိုင်ပါစေ။လုပ်ကိုလုပ်ရမယ့် အနေအထားဆိုရင်လည်း လူအားလုံးရဲ့ခံစားချက်ကို အရင်ကြည့်ပါ။ကိုယ့်ခံစားချက် ကို ရှေ့တန်းမတင်ပါနဲ့။ဖြစ်ချင်နေပေမယ့် အစွန်းမရောက်စေပါနဲ့။အိုခေ…ဒီလောက်ဆို မင်း သဘောပေါက်လောက်ပါပြီ။

 

ကိုယ့်ကိုကိုယ် ပြည့်အောင်ဖြည့်၊ပြီးမှ ခေါင်းဆောင်နိုင်စွမ်းရှိဖို့ကြိုးစား။

 

မင်းရဲ့ကိုပိုင်

ခေတ္တ-ရန်ကုန်မြို့။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s