ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး၏အမြင် ကို တင်ပြခြင်း။

ယနေ့ (၃၁.၁၀.၂၀၁၂) နေ့မှာ ကျွန်တော် နဲ့ ကိုခွန်နိုင်ပြည့်ထွန်းတို့ ဗ.က.သ ဗဟိုလုပ်ငန်းအမှုဆောင်များ နဲ့ တွေ့ဆုံစကားပြောဖြစ်ပါတယ်။ကျွန်တော်တို့ နှစ်ယောက်တည်းနဲ့ စကားပြောခဲ့ပေမယ့် ကျွန်တော်တို့ကိုယ်စားပြုခဲ့တာဟာ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) တက္ကသိုလ်ကျောင်းသားသမဂ္ဂ အနေနဲ့ ဖြစ်ခဲ့တဲ့အတွက် သမဂ္ဂအဖွဲ့ဝင်များအားလုံးကို စကားဝိုင်းမှာ ပြောဆိုဆွေးနွေးခဲ့သမျှ ပြန်တင်ပြပါရစေ။

ကျွန်တော် ဒီလိုရေးသားတာက ဥက္ကဌ ကိုခွန်နိုင်ပြည့်ထွန်းနဲ့တိုင်ပင်ခြင်း မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ်ရေးတာပါ။ကျွန်တော့်အနေနဲ့ အခုလို ကျောင်းပိတ်ရက်ကာလအတွင်းမှာ နေရာဒေသမတူညီပဲနေ နေရတဲ့အချိန်တွင်းမှာလည်း သမဂ္ဂအဖွဲ့ဝင်တွေ စုစုစည်းစည်းရှိနေတဲ့သဘောဖြစ်စေချင်ပါတယ်။နောက်ပြီး ကျွန်တော်တို့နှစ်ယောက်ထဲနဲ့ သမဂ္ဂကို ကိုယ်စားပြုခွင့်လည်း မရှိပါဘူး။ကိုယ်စားပြုဖို့လည်း အားလုံးရဲ့ဆန္ဒသဘောပါဖို့ဆိုတာလည်း အဆင်မပြေတဲ့အခြေအနေဖြစ်နေပါတယ်။နောက်ပြီး ကျွန်တော်တို့တွေ့ဆုံခဲ့တာက အလွတ်သဘောဖြစ်ပေမယ့် ဗ.က.သ ရဲ့ဗဟိုအဖွဲ့ဝင်တွေနဲ့ စကားပြောခဲ့ရတာပါ။သူတို့ရဲ့လုပ်ငန်းကိစ္စဆောင်ရွက်မှုတွေကို ကျွန်တော်တို့နှစ်ယောက်ထဲပဲသိနေလို့မဖြစ်ပါဘူး။အားလုံး သိနေရပါမယ်။ကျောင်းပြန်မဖွင့်မှီ အချိန်ကာလကြား အရေးကိစ္စတစ်ခုခု ကြုံလာခဲ့ရင်……. ဆိုတဲ့စိုးရိမ်မှုနဲ့ ကျွန်တော် ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ ရဲ့ လက်ရှိ ကျောင်းသားသမဂ္ဂ မှာ မူ ကွဲပြားမှုကြောင့် အဖွဲ့ကွဲနေသလိုဖြစ်နေတာကို သိကြမှာပါ။ဗမာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ဗ.က.သ) ကို လက်ရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တ.က.သ) အားလုံးက လက်မခံကြဘူးလို့ပြောကြပါတယ်။လက်မခံတဲ့ တ.က.သ တွေက ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) (က.သ.ဖ) ရဲ့ မူဝါဒ အောက်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေဖြစ်ပါတယ်။က.သ.ဖ နဲ့ ဗ.က.သ အဓိကကွဲနေတဲ့ အချက်(၃) ချက်ရှိတယ်လို့ ယေဘုယျ ကောက်ချက်ချလို့ရနိုင်မယ်လို့ ထင်တယ်။

၁။ က.သ.ဖ က တရားဝင်မှတ်ပုံတင်ဖို့ ကြိုးစားနေပါတယ်။ဗ.က.သ ကတော့  “ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရှိရမယ်။”ဒါကြောင့် တရားဝင်မှတ်ပုံတင်စရာမလိုဘူး လို့ခံယူထားပါတယ်။

၂။ ဗ.က.သ ရဲ့ မူ(၅) ချက်ကို အားလုံးသိပြီးသားဖြစ်မှာပါ။က.သ.ဖ ကတော့ ကျောင်းသားအနေနဲ့ နိုင်ငံရေးမလုပ်ဘူး လို့ မူ ချမှတ်ထားပါတယ်။ဒီအချက်မှာလဲ ဗ.က.သ နဲ့ က.သ.ဖ ကွဲလွဲပါတယ်။

၃။ က.သ.ဖ က လက်ရှိ ဗမာတစ်နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(ဗ.က.သ) ဆိုတဲ့အသုံးအနှုန်းကို ကန့်ကွက်ပါတယ် တဲ့။ဗမာ ဆိုတဲ့အစား မြန်မာ လို့အစားထိုးသုံးနှုန်းချင်လို့တူပါရဲ့။ဒါပေမယ့် ဗ.က.သ ဆိုတာ သမိုင်းအစဉ်အဆက် တည်ရှိခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်းတစ်ခုပါ။ဒါကြောင့် ဗ.က.သ ဆိုတဲ့နာမည်က အစားထိုးပြောင်းလဲသုံးစွဲလို့မရတဲ့ အမည်နာမ အဖြစ် လက်ရှိ ဗ.က.သ အဖွဲ့ဝင်များက ခံယူထားကြပါတယ်။

ဒီလို ခံယူချက်တွေ ကွာခြားမှုကြောင့်​ ကျောင်းသားညီလာခံ မပြီးမချင်း တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ စုစည်းမှု နည်းပါးပါလိမ့်ဦးမယ်။နောက်ထပ် သတိမထားမိကြတဲ့အချက်တစ်ခုရှိသေးတယ်ဗျ။ယခု ဗ.က.သ ရဲ့ဗဟိုအဖွဲ့ဝင်တွေဟာ ဗဟိုအလုပ်မှုဆောင်ကော်မတီ ဆိုပြီး ဖွဲ့စည်းထားခြင်းမရှိပါဘူး။ဗဟိုလုပ်ငန်းအမှုဆောင်ကော်မတီ လို့ပဲဖွဲ့စည်းထားပါတယ်။ဘာကြောင့်လဲဆိုတော့ အလုပ်မှုဆောင်ကော်မတီအတွက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များအားလုံးရဲ့မဲဆန္ဒနဲ့သာ ဖွဲ့စည်းမှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ဒါကြောင့်​လက်ရှိ ဗ.က.သ ဗဟိုအဖွဲ့ဝင်တွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာ ကျောင်းသားညီလာခံ ကျင်းပရေးလုပ်ငန်းကိုသာ တာဝန်ယူလှုပ်ရှားဖို့အတွက် စုစည်းထားတဲ့ လုပ်ငန်းကော်မတီပဲဖြစ်ပါတယ်။ဒါကို သမဂ္ဂအဖွဲ့ဝင်ကျောင်းသား တွေကြားမှာ အမြင်မှားမှုဖြစ်မှာစိုးတဲ့အတွက် ကျွန်တော် အသိပေးတာပါ။ကျွန်တော်တို့ တ.က.သ အနေနဲ့တော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့တောင်းဆိုလာရင် ဗ.က.သ ရဲ့မူ (၅) ချက်အတိုင်း ဦးတည်ပြီး ကျောင်းသားထု အကျိုး၊အများအကျိုး၊နိုင်ငံအကျိုး ထမ်းဆောင်သွားကြပါမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျ။ကျွန်တော့်အရေးအသား ညံ့ဖျင်းမှုကြောင့်သော်လည်းကောင်း၊အတွေးအခေါ် မရင့်ကျက်မှုကြောင့်သော်လည်းကောင်း အထက်ပါ အကြောင်းအရာများကြောင့် ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ကျွန်တော်တစ်ယောက်တည်းရဲ့တာဝန်သာ ဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့် ပြင်ဆင်ထောက်ပြပေးနိုင်မယ့် ဆုံးမဝေဖန်မှုများ ရှိခဲ့ရင် လေးစားစွာ ဖိတ်ခေါ်ပါတယ်။တစ်မြေတည်းနေ တစ်ရေတည်းသောက် စာသင်ခန်းအောက်မှာ အတူပညာသင်နေကြတဲ့ ကျောင်းသားကျောင်းသူညီအကိုမောင်နှမ များအနေဖြင့် ရင်းရင်းနှီးနှီး သုံးသပ်အကြံပေးကြပါလို့ တောင်းဆိုပါတယ်။

ပျော်ရွှင်ကြပါစေ…….

မောင်သက်ပိုင်မျိုး

သတင်း နှင့် ပြန်ကြားရေးကော်မတီ

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)ကျောင်းသားသမဂ္ဂ

ခေတ္တ-ရန်ကုန်မြို့။

Advertisements

One response to “ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး၏အမြင် ကို တင်ပြခြင်း။

  1. fri ရေ..ငါလာသွားတယ်နော်..နောက်ထပ်ကြိုးစားပါဦး…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s