ညီလေး ဖတ်ဖို့ (၆) …… ဘာသာပြန်စာအုပ်အချို့ အကြောင်း

ညီလေး ရေ……….

သာမန်ဝတ္ထုတို၊၀တ္ထုရှည်၊ဆောင်းပါးတွေကိုတောင် အဖတ်နည်းတဲ့ မင်း အတွက် ဘာသာပြန်စာအုပ်တွေကို မထိဖြစ်မှာ သေချာပါတယ်။ဘာသာပြန်စာအုပ်အများစု က ရှည်တယ်။မှတ်စရာ နာမည်တွေများတယ်.. :)။နောက်ပြီး ကိုယ်နဲ့ မရင်းနှီးသေးတဲ့နေရာတွေ၊စရိုက်သဘာဝတွေကို ဖွဲ့နွဲ့ပြီးရေးထားတဲ့အတွက် ဖတ်ဖို့ အရမ်းပျင်းပါတယ်။ကိုကို လည်း ဘာသာပြန်စာအုပ်တွေ ဖတ်ရမှာ ကြောက်ခဲ့ဘူးတယ်ကွ။ကိုကို ဘာသာပြန်တွေကို ဖတ်ရမှာလန့်ခဲ့ပေမယ့် ဘာသာပြန်စာအုပ် ဆိုတာကိုတော့ (၃) တန်း အရွယ်မှ စပြီး ထိတွေ့ခွင့်ရခဲ့ပါတယ်။

မင်း မယုံကြည်လောက်ဘူး ထင်တယ်။မယုံရင် မေမေ့ဆီ သွားမေးဖို့ အကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ (၃) တန်းအရွယ်ကလေးတစ်ယောက်က ဘာသာပြန်စာအုပ်ထဲက စကားလုံးအချို့ကို သုံးပြီး လူကြီးတွေရှေ့မှာ စကားကြီးစကားကျယ် ပြောခဲ့တာကို မေမေ အခုထိ ရယ်စရာအဖြစ် ပြန်ပြောပြတတ်လို့ပါ။ကိုကို  ဖတ်ခဲ့တဲ့ဘာသာပြန်စာအုပ်က ဆရာထိန်လင်း ဘာသာပြန်တဲ့ “ပေါ်လီယာနာ” စာအုပ်ပါ။ Continue reading

ချစ်သူ သို့ တမ်းချင်း

အမြဲလိုလို တစ်ယောက်တည်းပဲနေလေ့ရှိတဲ့ ငါ့ကို တစ်ချို့ကလာမေးကြတယ်။“ချစ်သူ ရှိလား” တဲ့။

ငါ ခေါင်းရမ်းမိလိုက်သလို နှလုံးသားယောင်ရမ်းမှုကိုလည်း ငါ ခံစားမိလိုက်တယ်။

ငါ့ချစ်သူ က ငါ့အတွေးစိတ်ကူးထဲမှာပဲ ရှင်သန်နေခြင်းအတွက်ပေါ့…….

ငါ မင်း ကို ချစ်တယ် ချစ်သူ

ငါ မင်း ကို ပိုင်ဆိုင်ချင်တယ်

ဒါပေမယ့် အတွေးသက်သက်သာ ဖြစ်ခဲ့ရပါတယ်……

ငါ မင်း နဲ့ စကားတွေပြောဖြစ်ခဲ့တယ် ချစ်သူ

ငါ မင်း နဲ့ လမ်းတွေလျှောက်ဖြစ်ခဲ့တယ်

ဒါပေမယ့် အိပ်မက်သက်သက်သာ ဖြစ်ခဲ့ရပါတယ်….. Continue reading

ညီလေးဖတ်ဖို့ (၅)

ညီလေးရေ……..

ကျောင်းသားသမဂ္ဂရဲ့အလုပ်တွေကြားထဲမှာပဲ စိတ်ရောက်နေမိတော့ ညီလေးဆီ စာမရေးဖြစ်တာတောင် အတော်ကြာသွားပြီ။ညီလေး ကိုကို့ဆီကနေ တောင်းထားတဲ့ ရင်ထိုး ကိုကို အိမ်ပြန်လာရင် ပါလာလိမ့်မယ်။အဲဒီတုန်းကလဲလေ…ကိုကို မင်းကို အရမ်းရယ်ချင်တာပဲ။လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သတ်ပြီး မုံရွာကျောင်းသားသမဂ္ဂရဲ့လှုပ်ရှားမှုအရှိန်အဟုန်က တက်ကြွနေတော့ သမဂ္ဂအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတဲ့ မင်းအကို ကို မင်း စပြီးအထင်ကြီးလာတယ်ထင်တယ်။(သေချာတာတစ်ခုက ငါ့ဘ၀မှာ ဒါ ပထမဆုံးသော မင်း လေးစားမှု ရလိုက်တဲ့အချိန်ပါ။)မင်း ကိုကို့နားကပ်လာပြီးတော့ သမဂ္ဂရင်ထိုးတစ်ခု တောင်းတယ်။မင်းအထင်က ဒီရင်ထိုးတပ်လိုက်တာနဲ့ သမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သွားပြီ လို့နေမှာပေါ့။မဟုတ်ဘူး ညီလေးရဲ့။ကျောင်းသားသမဂ္ဂဆိုတာ သမိုင်းနဲ့ချီပြီးတော့ ရှိခဲ့၊ဖြစ်ခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်းကြီး တစ်ခု။စည်းကမ်း ဆိုတာ အလိုအလျောက်ရှိလာပြီးသားလေ။သမဂ္ဂအဖွဲ့ဝင်ဖို့အတွက် မင်းထင်သလို ရင်ထိုးလေး တပ်လိုက်ရုံနဲ့ဖြစ်လာမှာမဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ်ပါ။ကိုကို့ညီလေး ဆီမှာ တက်ကြွတဲ့စိတ်ဓာတ် ရှိတဲ့အတွက် ကိုကို အရမ်းပျော်ပါတယ်။ကိုကိုတို့ညီအကိုဆီမှာ အဖေတို့အမေတို့ဆီက သွေးတွေ စီးဆင်းနေတယ်လေ။၂၀၀၇ စက်တင်ဘာတစ်လ လုံး ကိုကိုတို့​ အမေ့ပါးပေါ်မှာ သနပ်ခါးဆိုတာ မမြင်ခဲ့ရဘူး။အဲဒီအချိန်တုန်းက မင်းတို့ကိုကိုတို့ ဘယ်အရွယ်ရှိအုန်းမှာလဲ။ကိုကို က ၇ တန်း၊မင်းက ၅ တန်း။ဒါပေမယ့် ကိုကို့စိတ်ထဲမှာတော့ အမေ ငိုအောင်လုပ်တဲ့သူတွေက မကောင်းလို့ပဲ ဆိုတာ အခုထိ အသိစိတ်ထဲမှာ စွဲနေတုန်းပဲကွ။ဘာကြောင့်ဖြစ်တယ်၊ဘယ်လိုဖြစ်နေတယ်ဆိုတာ ကိုကိုတို့သေသေချာချာမသိခဲ့ပေမယ့် တစ်ခုခု မှားခဲ့တယ်ဆိုတာတော့ ခံစားခဲ့ရတယ်။ဘာနိုင်ငံရေး အသိမှမရှိသေးပေမယ့် အမေ့မျက်ရည်ကြောင့် ပြည်သူတွေအတွက် တစ်ခုခု လုပ်ပေးချင်တဲ့စိတ် ငယ်ငယ်လေးကတည်းက ဖြစ်ခဲ့ရတယ်။ Continue reading

ကျနော် နဲ့ ဂျပန်ကျောင်းသားတစ်ယောက်

ကျနော် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် က ဂျပန်ကျောင်းသား တစ်ယောက်နဲ့​စကားပြောခွင့်ရခဲ့ပါတယ်။မြန်မာနိုင်ငံ အပြောင်းအလဲတွေနဲ့ပတ်သတ်ပြီး လာလေ့လာတဲ့သူတစ်ယောက်ပါ။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ရဲ့ စီစဉ်ပေးမှုကြောင့်  ကျနော်တို့မြန်မာကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ခြင်း ဖြစ်ပါတယ်။

မေးခွန်းတွေ မေးလိုက်၊ဖြေလိုက် နဲ့ ဆိုတော့ အရမ်းပျော်စရာကောင်းခဲ့ပါတယ်။(ဒါပေမယ့် ကြားခံ စကားပြန် ဦးလေးကြီးတော့ မပျော်နိုင်လောက်ဘူး ခင်ဗျ။သူ့ခဗျာ ဒီဘက် မြန်မာကျောင်းသားတွေရဲ့ နှိုက်နှိုက်ချွတ်ချွတ် ကပ်သီးကပ်သပ် မေးခွန်းတွေကို ဂျပန်လိုပြန်၊ဂျပန်ကျောင်းသား ပြန်ဖြေပေးတဲ့ အဖြေရှည်ကြီး ကိုလည်း မြန်မာလိုဖြစ်အောင် ပြန်ပြောပြရ ဆိုတော့လေ။)ကျနော်အနေနဲ့တော့ အသိချင်ဆုံး ဖြစ်တဲ့ ယဉ်ကျေးမှု၊ပညာရေး၊အစိုးရအုပ်ချုပ်မှု နဲ့ပတ်သတ်ပြီး မေးခွန်းသုံးခုကိုပဲ အဓိကမေးဖြစ်ခဲ့ပါတယ်။

ဂျပန်ကျောင်းသား အနေနဲ့ (အဲ…သူ့နာမည် ကို မမိတ်ဆက်ပေးရသေးဘူးနော်။ဆူးဒါး တဲ့ခင်ဗျ။နာမည်အရှည်တော့ ကျနော်လည်း မမှတ်မိတော့ဘူး။ဒီတော့ “ဆူးဒါး” လို့ပဲ သုံးမယ်ဗျာ။အဆင်ပြေမယ် မို့လား) ဆူးဒါး အနေနဲ့ ကျနော်တို့ကို ခေါင်းစဉ် (၃) ခုခွဲပြီး ဆွေးနွေးခဲ့ပါတယ်။

Continue reading

နည်းပညာ နှင့်ပတ်သတ်၍

Hacking ကို စိတ်ဝင်စားပါတယ်လို့ ပြောလာတဲ့ ညီမလေးတစ်ယောက် ကိုလည်း ကျနော် လိုင်းပေါ်မှာတွေ့ဖူးပါတယ်။ဆယ်တန်းအောင်ထားတဲ့ကောင်မလေး တစ်ယောက်ပါ။တအံ့တသြ ဖြစ်မိပါတယ်။မိန်းကလေး တစ်ယောက် ဟက်ဟာ ဖြစ်ချင်တယ် လို့ ပြောလာတာတော့ တော်တော်ဆန်းနေသလား လို့။မုံရွာသူ တစ်ယောက် ပဲမို့ ငါတို့ မုံရွာသား၊မုံရွာသူတွေကပဲ ထူးထူးခြားခြားတွေ စိတ်ဝင်စားနေတာလား လို့တွေးမိတယ်။ကျနော်လည်း ဆယ်တန်း ပြီးစတုန်းက အဲဒီလို အော်ခဲ့ဖူးတယ်ဗျ။ကွန်ပျူတာတက္ကသိုလ် တက်ပြီး Hacker လုပ်မယ်ပေါ့ဗျာ….. :) ။ဖြစ်မလာခဲ့ပါဘူး။ဘယ်ပညာရပ်မှာပဲဖြစ်ဖြစ် ဘ၀တစ်ခုလုံး ကို ရင်းပေးနိုင်မှ တကယ် တတ်တဲ့သူဖြစ်လာမှာပါ။

ကွန်ပျူတာပညာရပ်တွေက ပိုပြီး ရှုပ်ထွေးပါတယ်။အဲဒီ ရှုပ်ထွေးပါတဲ့ ကွန်ပျူတာပညာရပ်တွေကို အပိုင်သိမ်းနိုင်တဲ့ Hacking လောက က ပိုပြီး နက်ရှိုင်းကျယ်ပြန့်ပြီး ကြောက်စရာကောင်းတယ်လို့တောင် ကျနော် ထင်မိတယ်ဗျ။Hacking …Hacking လို့အော်ပြီး Gmail အကောင့်လေး ခိုးနိုင်တာလောက်နဲ့ပဲ ကိုယ့်ကိုကိုယ် Hacker ကြီးလို့ ခံယူထားတဲ့ အကိုကြီးတွေ၊ချာတိတ်ပေါက်စန လေးတွေ နဲ့ ကျနော် သိခဲ့ရဘူးပါတယ်။ Continue reading

ငါ ဟာ လူတစ်ယောက်

တချို့ က ပြောကြ

ငါက လူဆိုးတစ်ယောက်

တချို့ က ပြောကြပြန်

ငါက လူလိမ်တစ်ယောက်

တချို့ က ထပ်ပြော

ငါက လူမိုက်တစ်ယောက်

ဆက်ပြောကြ……ဆက်ပြောကြတယ်

မကောင်းတဲ့လူ

ဂျစ်ကန်ကန် နဲ့လူ

စိတ်ကူးယဉ်တဲ့လူ

အလကားလူ……

………………တဲ့။

 

ဒီတော့..အထူးပြုပုဒ်

“ဆိုး” “လိမ်” “မိုက်” “မကောင်း”

“ဂျစ်ကန်ကန်” “စိတ်ကူးယဉ်” “အလကား”

အကုန်ဖြုတ်။

ဘုံတူတာ တစ်ခုတည်း ယူမယ်ဆိုရင်

ငါ ဟာ လူတစ်ယောက်။

ရန်ကုန်မြို့ရောက် တောသားတစ်ယောက် ရဲ့ VIP ခရီးစဉ်

ရွှေမြို့တော်ကြီးအတွင်းမှာ တောသားတစ်ယောက်အနေနဲ့ ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ခဲ့ရပါတယ်။

အင်္ဂလိပ်စာသင်တန်းအတူတက်နေတဲ့ သူငယ်ချင်းတွေစုပြီး ၀ိပဿနာရိပ်သာတစ်ခုမှာ အပတ်စဉ် သန့်ရှင်းရေးကုသိုလ်ယူလေ့ရှိပါတယ်။ကျုပ်က သင်တန်းတက်တာမကြာသေးပေမယ့် ဟိုနေရာလည်းပါ၊ဒီနေရာလည်းပါ ဆိုတော့ သင်တန်းကလူတွေအားလုံးလိုလို ကျုပ်ကို မျက်မှန်းတန်းမိနေကြပါပြီ။ဒီတော့ သန့်ရှင်းရေးသွားလုပ်ဖို့ လာခေါ်ကြတယ်။ပါလေရာမောင် ကျုပ်က ဘယ်ငြင်းလိမ့်မလဲဗျာ။ကုသိုလ်ရေးအတွက်ဆို ရှေ့တန်းကပဲ မဟုတ်လား။

အဲ….သွားပြီဆိုမှ ဒုက္ခရောက်တော့တာပဲဗျို့။ပထမတစ်ခေါက်တုန်းက လူစုပြီးမှသွားတာဆိုတော့ နောက်က အသာလေးကပ်လိုက်သွားရုံပဲ။ဒီတစ်ခေါက်ကျ ကျုပ် ရောက်တာနောက်ကျသွားတာကြောင့် စုသွားတဲ့သူတွေတဲ့သူတွေက သွားနှင့်ပြီ။ဒီတော့ ကျုပ်အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လိုက်သွားဖို့ပဲရှိတော့တယ်။သွားရမယ့်နေရာက ရွှေဂုံတိုင် နားမှာလို့တော့ ကျုပ် သိထားတယ်။ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခု ပြီးအောင်မလုပ်နိုင်ရင် ယောက်ျားမပီသဘူး လို့ စိတ်ကို မာန်တင်း၊ဘယ်လိုသွားရမလဲ စ စီစဉ်မိတယ်။နီးစပ်ရာမေးကြည့်တော့ ၁၇၄ ကား၊၅၀ ကား စီးရင် ရောက်သွားတာလို့ဆိုပဲ။နာရီဝက်လောက်ပဲသွားရမှာလို့ လဲပြောကြတယ်။ဒီတော့ ကျုပ် ၁၇၄ (or) ၅၀ ဆိုတာကို ဂါထာရွတ်သလို တတွတ်တွက် ရွတ်၊“ငါ စီးတဲ့နေရာသည် ဆင်ရေတွင်းမှတ်တိုင်၊ငါ သွားရမယ့်နေရာသည် ရွှေဂုံတိုင်၊ငါနေတဲ့ နေရာသည် စံရိပ်ငြိမ်မှတ်တိုင်” … ဆိုပြီး အာဂုံဆောင်။ဒီတော့ စ သွားကြတာပေါ့ဗျာ။ Continue reading